ပုဗ္ဗသီရိ ဇန်နဝါရီ ၂

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျည်တောင်ကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါကျောင်းရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်သည်။

 

ဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းဆွေဆွေအေးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့နိုင်ငံ၏ နေ့ထူးနေ့မြတ်များအကြောင်းကို သိရှိပြီး အစဉ်အောက်မေ့ သတိရပြီး အနာဂတ်၏ မျိုးဆက်သစ်လူငယ်များ အမျိုးကိုချစ်တဲ့စိတ်၊ မိမိဘာသာကိုယုံကြည်မှု၊ မိမိယဉ်ကျေးမှုကို ထိန်းသိမ်းထားလိုတဲ့စိတ်များ မွေးမြူရမှာဖြစ်ပါကြောင်း၊ အမျိုးသားရေးစိတ်ဓာတ်၊ ဇာတိသွေးဇာတိမာန် ထက်သန်မှု သူ့ကျွန်မခံလိုသောစိတ်ဖြင့် လွတ်လပ်ရေးရရှိအောင် ကြိုပမ်းခဲ့ပုံများ၊ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများအား ဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲအပြီးတွင် အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ ဦးစီးအရာရှိ ဒေါ်နန်းဆွေဆွေးအေးက ပြန်လည်ရှင်းလင်း ဖြေကြားပေးသည်။

 

ဆက်လက်၍ ကျည်တောင်ကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးကိုယ်စား မူလတန်းပြဆရာမ ဒေါ်တင့်တင့်ဆွေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်၊၊ ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များအား ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများက ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်းနှင့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

နန်းရွှေရတီ(ပြန်/ဆက်)