ပွင့်ဖြူ ဇန်နဝါရီ ၂
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကျွဲနွားတိရစ္ဆာန် အစာပင် ၇၁၉၀ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ကျွဲနွားတိရစ္ဆာန် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျွဲနွားတိရစ္ဆာန်များအတွက် လိုအပ်သောအစာဖူလုံစေရန် ရည်ရွယ်၍ တိရစ္ဆာန်အစာပင် ၇၉ဝ၈ ဧက စိုက်ပျိုးရန် လျာထားပြီး ဒေသခံတောင်သူများက သတ်မှတ်စိုက်ဧက ပြည့်မီရေးအတွက် ယခုနှစ် အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့ထိ ဧက ၇၁၉၀ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
“ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ကျွဲနွားတိရစ္ဆာန်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နဲ့ တိရစ္ဆာန်အစာရှားပါးမှုမဖြစ်စေရန်အတွက် ကျွဲနွားတိရစ္ဆာန်အစာပင် ၇၉၀၈ ဧက လျာထားစိုက်ပျိုးလျက်ရှိပြီး ဒီနေ့ထိ ဧက ၇၁၉၀ စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါတယ်။ အဓိက စိုက်ပျိုးတဲ့ ကျွဲနွား တိရစ္ဆာန်အစာတွေကတော့ နှံစားပြောင်း၊ နေဗီယာမြက်နဲ့ ပဲသီးနှံတွေကို အများဆုံး စိုက်ပျိုးပါတယ်။ ဒီနှစ်ဆောင်းရာသီမှာ ကျွဲနွား တိရစ္ဆာန်အစာပင် စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး တောင်သူတွေကို လျာထားစိုက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက် မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးခြင်း၊ စိုက်နည်းစနစ်တွေနဲ့ ပိုးမွှားရောဂါ မကျရောက်စေဖို့ ကြိုတင်ကာကွယ်ရမယ့် နည်းပညာတွေ အသိပညာပေးခြင်းစတဲ့ တောင်သူပညာပေး လုပ်ငန်းတွေကို ကွင်းဆင်းဆောင်ရွက်ပေးပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက ကျွဲနွား တိရစ္ဆာန်အစာ စိုက်ပျိုးခြင်းကို မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေတို့ကို စနစ်တကျ အသုံးချပြီး နှံစားပြောင်း ၊ ပဲမျိုးစုံ နေဗီယာမြက်နှင့် ဖူးစားပြောင်းတို့ကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ထိုသို့ စိုက်ပျိုးရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံတောင်သူများ အခက်အခဲမရှိ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရန်နှင့် သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှုရှိစေရန် စိုက်ပျိုးရေးဆိုင်ရာ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးနိုင်ရေး ပံ့ပိုးကူညီပေးခြင်း၊ စိုက်ပျိုးရေးသွင်းအားစုများ စနစ်တကျ သုံးစွဲတတ်စေရေး လက်တွေ့သရုပ်ပြသခြင်း ၊ သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေး နည်းပညာပေးခြင်း စသည့် တောင်သူ အသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )