ရန်ကုန် ဇန်နဝါရီ ၂ 
တက္ကသိုလ်၊ ကောလိပ် ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၂၇) ၏ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရှိ ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ အဖွဲ့ဝင်ဦးရဲနိုင်၊ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဖွင့်ပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက တက္ကသိုလ်၊ ကောလိပ်များရှိ သင်ကြားရေးဆရာ၊ ဆရာမများ စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်ပြီး အဆင့်မြင့်ပညာရေးနှင့် စပ်လျဉ်းသော ဗဟုသုတများ၊ နိုင်ငံ့ဝန်ထမ်းနှင့် သက်ဆိုင်သော ဗဟုသုတနှင့် အတွေ့အကြုံများ တိုးပွားလာစေရန်၊ ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု ပိုမိုရရှိစေရန်၊ ယုံကြည်ချက်၊ ခံယူချက်၊ စိတ်နေစိတ်ထားများ ပိုမိုကောင်းမွန်လာစေရန်နှင့် အခြေခံစစ်ပညာကို နားလည်သဘောပေါက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် အရည်အချင်းပြည့်မီသည့် လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွန်းလာရေး အလေးထား ကြိုးစားဆောင်ရွက်သွားကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။ 
အဆိုပါ တက္ကသိုလ်၊ ကောလိပ် ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၂၇) သို့ သင်တန်းသား (၅၈) ဦး၊ သင်တန်းသူ (၂၉၃) ဦး၊ စုစုပေါင်း (၃၅၁) ဦး တက်ရောက်ကြပြီး သင်တန်းကို ယနေ့မှစ၍ ဇန်နဝါရီ ၃၁ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်