နေပြည်တော် ဇန်နဝါရီ ၂
မိုင်းပန်မြို့နယ်တွင် ငွေကျပ်သိန်း ၅,၄၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၄၀ ဒသမ ၂ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၈ ရက် နံနက် ၁၁ နာရီခွဲတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းပန်မြို့နယ် တာဆန်းကျေးရွာအနီးတွင် မိုင်းပန်မြို့မှ မိုင်းတုံမြို့သို့ စိုင်းနွံဟန် (ခ) စိုင်းနွံလျန် မောင်းနှင်ပြီး စိုင်းစံညွန့် လိုက်ပါလာသည့် VIGO မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်၏ ကြမ်းခင်းအံဝှက်အတွင်း သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလ တန်ဖိုးငွေကျပ်သိန်း ၅,၄၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၂၀ ၊ အလေးချိန် ၄၀ ဒသမ ၂ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်းတို့အား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား နမ့်စန်မြို့နယ်မှ မိုင်းတုံမြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်