နေပြည်တော် ဇန်နဝါရီ ၄
၂၀၂၅ ခုနှစ် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း သိုလှောင်ဖြန့်ဖြူးရေးဌာနအောက်ရှိ ဓာတ်ဆီအရောင်းဆိုင်များအနက် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရာဇသင်္ဂဟလမ်းမကြီးဘေးရှိ ဓာတ်ဆီအရောင်းဆိုင်အမှတ် (၀၃၅၄) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါဆိုင်၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင်များ၊ စွမ်းအင်ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူကြီးရဲမိုးနှင့် ဦးဟန်သူ၊ ညွှန်ကြားရေးမှုးချုပ် ဦးထက်သျှန်ဖြိုးနှင့် ဦးရွှေမော် ၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မြင့်တို့က ဓာတ်ဆီအရောင်းဆိုင်အမှတ် (၀၃၅၄) ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများသည် ဓာတ်ဆီအရောင်းဆိုင်အမှတ် (၀၃၅၄) အတွင်း သုံးဘီးမော်တော်ဆိုင်ကယ်နှင့် မော်တော်ဆိုင်ကယ်များကို ပြည်တွင်းထုတ်ဓာတ်ဆီ (RON-68) ရောင်းချနေမှုကို ကြည့်ရှုအားပေးကြသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့နယ်အတွင်းရှိ ဓာတ်ဆီအရောင်းဆိုင်အမှတ် (၀၆၁၁) နှင့် (၀၆၁၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါဆိုင်များ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး ဆိုင်များကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ သုံးဘီးမော်တော်ဆိုင်ကယ်နှင့် မော်တော်ဆိုင်ကယ်များကို ပြည်တွင်းထုတ်ဓာတ်ဆီ (RON-68) ရောင်းချနေမှုကို ကြည့်ရှုအားပေးကြသည်။
အဆိုပါဆိုင်များတွင် ပြည်တွင်းထုတ်ဓာတ်ဆီ (RON-68) တစ်လီတာ ငွေကျပ် ၂၂၀၀ ဖြင့် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ နေ့စဉ်ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


