နေပြည်တော် ဇန်နဝါရီ ၄
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၃၆၅ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၉၁ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ 
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁ ရက် ညနေ ၆ နာရီတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ ကျိုင်းဖောင်းကျေးရွာအနီးတွင် မိုင်းပျဉ်းမှ ကျိုင်းတုံဘက်သို့ စိုင်းခမ်းခုံး (ခ) အိုက်ခုံး (၄၁) နှစ်၊ (ဘ) ဦးစိုင်းဆန်ဝုန်း၊ ကွန်ဟိန်းမြို့နယ်နေသူ မောင်းနှင်ပြီး ကြာဦး (၄၂) နှစ်၊ (ဘ) ဦးဟန်သောင်း၊ ရပ်စောက်မြို့နယ်နေသူ လိုက်ပါလာသည့် HINO ၁၂ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၃၆၅ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၂၆၀ တုံး၊ အလေးချိန် ၉၁ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူများအား ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်မှ မြန်မာ-ထိုင်းနယ်စပ်၊ တာချီလိတ်မြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ 
သတင်းစဉ်