မန္တလေး ဇန်နဝါရီ ၄
မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ မန္တလေးဗဟိုအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများမှ အကျဉ်းသား ၅၄၁ ဉီး၊ အကျဉ်းသူ ၁၅၄ ဉီး စုစုပေါင်း ၆၉၅ ဉီးတို့ကို ယနေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည်။
“ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းသာယာစေဖို့ ရည်ရွယ်ချက်နဲ့ အကျဉ်းသား၊ အကျဉ်းသူတွေကို လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ နောက်ပြီး လွှတ်မြောက်သွားတဲ့သူတွေကို နေ့တွက်စရိတ်ပေးအပ်ပြီး လုပ်အားခရသင့်သူတွေကိုလည်း တွက်ချက်ပြီး ပေးအပ်ခဲ့ပါတယ်။ သက်ဆိုင်ရာ ဒေသအသီးသီးကို ပြန်တဲ့အခါမှာ အဆင်ပြေစေဖို့ ဌာနပိုင်မော်တော်ယာဉ်တွေနဲ့ ကားဂိတ်၊ ရထားဘူတာတွေကို ပို့ဆောင်ပေးပါတယ်။ အခုလိုလွတ်မြောက်လာသူတွေအတွက် ဝမ်းသာပီတိဖြစ်မိပါတယ်” ဟု မန္တလေးဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဉီးသိန်းဇော်မောင် က ပြောသည်။ 
ထိုသို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရရှိကြသူများကို တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုးနှင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းဗိုလ်တို့က ဆုံးမဩဝါဒစကားများ ပြောကြားပေးပြီး အကျဉ်းထောင် တာဝန်ရှိသူများကလည်း ကျန်းမာရေးစစ်ဆေးပေးခြင်း၊ နေ့တွက်စရိတ်နှင့် ခရီးစရိတ် ပေးအပ်ခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြသည်။
“အခုလို လွတ်မြောက်ပြီး မိသားစုတွေနဲ့ တွေ့ဆုံခွင့် ရရှိတဲ့အတွက် အင်မတန် ဝမ်းသာမိပါတယ်။ ရှေ့ဆက်ပြီးတော့ ဥပဒေနဲ့အညီ နိုင်ငံတော်နဲ့ မိသားစုအတွက် အကျိုးရှိစေမယ့် အလုပ်တွေကို ဆောင်ရွက်သွားဖို့ စဉ်းစားထားပါတယ်။ ကျွန်တော်တို့ကို စေတနာထားပြီး လွှတ်ပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ရှိပါတယ်။” ဟု ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသူတစ်ဉီးက ပြောပြသည်။
ယနေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင် (၅) ထောင်နှင့် အလုပ်စခန်း (၇) ခုတို့မှ အကျဉ်းသား ၈၇၇ ဉီး၊ အကျဉ်းသူ ၂၆၄ ဉီးစုစုပေါင်း ၁၁၄၁ ဉီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရရှိကြကြောင်း သိရှိရသည်။
မောင်အေးချမ်း