နေပြည်တော် ဇန်နဝါရီ ၄

တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားပြီး ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းပေးသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သရေစည်သူ ကျော်စွာလင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူထွန်းအောင်နှင့် ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် လက်ခံရယူကြမည့်အရာရှိ၊ စစ်သည်များနှင့်အမွေခံများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ကာကွယ်စောင့်ရှောက်ရမည့်တာဝန်သည် နိုင်ငံသားတိုင်း မဖြစ်မနေထမ်းဆောင်ကြရမည့် မွေးရာပါ သမိုင်းပေးတာဝန်ပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့ သမိုင်းပေးတာဝန်များကို ထမ်းဆောင်ရာတွင် “ရဲသော်မသေ သေသော် ငရဲမလား” ဟူသည့် စိတ်ဓာတ်ခံယူချက်တို့ဖြင့် မိမိတို့၏ အသက်ခန္ဓာကို စွန့်လွှတ်ပြီး တိုင်းပြည်နှင့်လူမျိုးအကျိုး သယ်ပိုးခဲ့ကြသည့် နိုင်ငံ့သားကောင်းများကို လွတ်လပ်ရေးနေ့ အခါသမယရောက်တိုင်း နိုင်ငံတော်အနေဖြင့် ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်ပေးလျက်ရှိကြောင်း။    

လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့်အတူ ယှဉ်တွဲပေါ်ပေါက်ခဲ့သည့် မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးအတွက် နယ်ချဲ့ကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သကဲ့သို့ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း ကိုလိုနီစနစ်၏ နောက်ဆက်တွဲစိန်ခေါ်မှုမျိုးစုံကို ကြံ့ကြံ့ခံကာကွယ်ခဲ့ရကြောင်း၊ နိုင်ငံရေးအရ၊ စစ်ရေးအရ ဖန်တီးလာသည့် ပြည်တွင်းပြည်ပ အန္တရာယ်များကြားတွင် မိမိတို့တပ်မတော်သားများသည် နိုင်ငံနှင့် ပြည်သူအကျိုးအတွက် စွန့်လွှတ်စွန့်စားခြင်းများစွာဖြင့် ပေးအပ်လာသမျှ တာဝန်များကို မညည်းမညူကျေပွန်အောင် ထမ်းဆောင်ခဲ့ကြကြောင်း၊ လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်ခဲ့သည့် ပြည်တွင်းသောင်းကျန်းမှုများ၊ ဝါဒစွဲ ဂိုဏ်းဂဏစွဲကြောင့် ဖြစ်ပေါ်လာသည့် ထိုးနှက်တိုက်ခိုက်မှုများကြားတွင် တပ်မတော်အနေဖြင့် စစ်မှန်သည့် အမျိုးသားရေးတာဝန်ကိုသာ ရှေးရှုပြီး တိုင်းပြည်နှင့် လူမျိုးအကျိုးသယ်ပိုးခဲ့သည်မှာ သမိုင်းသက်သေရှိပြီးဖြစ်ကြောင်း။

တိုင်းပြည်ကာကွယ်ရေးအတွက် စစ်မြေပြင်တွင် ရှေ့တန်းကျကျ တိုက်ပွဲဝင်နေကြရသည့် တပ်မတော်သားများကဲ့သို့ပင် တပ်မတော်သားများ၏ ပါရမီဖြည့်ဖက် ရဲမေများနှင့် မိသားစုဝင်များသည်လည်း နိုင်ငံတော်ကာကွယ်ရေးအတွက် အရေးကြီးသည့် အရန်အင်အားများပင်ဖြစ်ကြောင်း၊ တပ်မတော်သားများ၏ ပါရမီဖြည့်ဖက်ပီပီ သင်ကြားတတ်မြောက်ထားသည့် စစ်ပညာများဖြင့် နိုင်ငံနှင့် လူမျိုးအကျိုးအတွက် အသက်ကိုပဓာနမထားဘဲ တိုက်ပွဲဝင်ခဲ့ကြသည်ကိုလည်း ဂုဏ်ယူဖွယ်တွေ့မြင်ကြရကြောင်း။

နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ခြင်း၏အခြေခံသည် တည်ငြိမ်အေးချမ်းပြီး လက်နက်ကိုင်ပဋိပက္ခများ ကင်းဝေးရန်ပင်ဖြစ်ကြောင်း၊ သို့မှသာ အခြေခံအဆောက်အဦများ တည်ဆောက်နိုင်ပြီး ကုန်စည်ကူးသန်းရောင်းဝယ်မှု ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ အလားတူဒေသခံများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍစုံကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း။

ပြည်နယ်အရေး၊ လူမျိုးစုအရေးဟူသည့် ခေါင်းစဉ်များဖြင့် လက်တစ်ဆုပ်စာ လူတစ်စု၏ ကိုယ့်အကျိုးအတ္တကို ရှေ့တန်းတင်နေသရွေ့ ဒေသခံပြည်သူများ၏ ဘဝများပင် ထိခိုက်နစ်နာနေရဦးမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆုံးရှုံးနစ်နာမှုများ မဖြစ်ပေါ်စေရေး လိုအပ်သည့် ကာကွယ်စောင့်ရှောက်မှုများကို ပေးရမည်မှာ မိမိတို့တပ်မတော်၏ တာဝန်ပင်ဖြစ်ကြောင်း၊ ကမ္ဘာ့မည်သည့်လူ့အဖွဲ့အစည်းကမျှ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို လက်ခံထားခြင်းမရှိသောကြောင့် မိမိတို့နိုင်ငံတွင်လည်း အမြစ်စွဲမှုမရှိအောင် တားဆီးကာကွယ်သွားကြရမည်ဖြစ်ကြောင်း။

ယခု အခမ်းအနားတွင် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ၃၄ ဦးကို ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး ကျန်စွမ်းရည်သတ္တိဆိုင်ရာတံဆိပ်နှင့် လက်မှတ်ရသူများကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးတွင် တစ်ချိန်တည်းတစ်ပြိုင်တည်း ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်ကြောင်း၊ အများတကာ လုပ်ဆောင်နိုင်ရန် ခဲယဉ်းသည့်တာဝန်များကို ရင်ဆိုင်ကြုံတွေ့လာချိန်တွင် စွန့်လွှတ်စွန့်စားမှုအပြည့်ဖြင့် စွမ်းဆောင်ခဲ့သူများပင်ဖြစ်ကြောင်း၊ နိုင်ငံနှင့် လူမျိုးအတွက် မည်သည့်အခက်အခဲကိုမျှ အမှုမထားဘဲ အသက်ခန္ဓာကို စွန့်လွှတ်နိုင်သည်အထိ ကြံ့ခိုင်သည့်စိတ်ဓာတ်၊ ပြောင်မြောက်သည့် သူရသတ္တိများဖြင့် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ စစ်သားကောင်းတစ်ယောက်တွင် ရှိအပ်သည့် ခိုင်မာသည့်သန္နိဋ္ဌာန် စိတ်ဓာတ်များဖြင့် တာဝန်ထမ်းဆောင်မှုများအတွက် အထူးပင် ဂုဏ်ယူမိသကဲ့သို့ ဆုတံဆိပ်များ ချီးမြှင့်ခြင်းမခံရသော်လည်း တက်ညီလက်ညီ စွမ်းဆောင်ခဲ့ကြသူအားလုံးကို မှတ်တမ်းတင် ဂုဏ်ပြုကြောင်းကို ပြောကြားလိုကြောင်း။

ယနေ့ တပ်မတော်စွမ်းရည်သတ္တိနှင့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ၊ လက်မှတ်များ အပ်နှင်းခြင်းခံကြရသူများသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်နှင့် အခြားနိုင်ငံ့တာဝန်များကို ထမ်းဆောင်ရာတွင် အမိနိုင်ငံတော်နှင့် ပြည်သူတို့အတွက် လေးနက်မွန်မြတ်သည့်ခံယူချက်ဖြင့် ကျရာတာဝန်များကို ဇွဲ၊ လုံ့လ၊ ဝီရိယ စိုက်ထုတ်တာဝန်ထမ်းဆောင်ခဲ့ကြသူများဖြစ်ကြောင်း၊ ထိုကဲ့သို့ မှတ်တမ်းကောင်းရေးထိုးခဲ့ကြသူများဖြစ်၍လည်း ပြည်သူ့သားကောင်း အာဇာနည်များအဖြစ် အစဉ်အသိအမှတ်ပြုလေးစား ဂုဏ်ယူနေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရှိရင်းစွဲယုံကြည်ချက် ခံယူချက်ကောင်းများဖြင့် လွတ်လပ်ရေးအမွေကို နောင်မျိုးဆက်သစ်များဆီ လက်ဆင့်ကမ်းပေးနိုင်သည့် နိုင်ငံ့သားကောင်းဇာနည်များ ဖြစ်စေရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ဗိုလ်မှူးချုပ် ၄ ဦး၊ ဗိုလ်မှူးကြီး ၂ ဦး၊ ဒုတိယဗိုလ်မှူးကြီး ၈ ဦး၊ ဗိုလ်မှူး ၉ ဦး၊ ဗိုလ်ကြီး ၄ ဦး၊ အရာခံဗိုလ် ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦး၊ တပ်ကြပ် ၃ ဦး၊ ဒုတိယတပ်ကြပ် ၂ ဦး တို့အား ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များရရှိခဲ့သည့် အရာရှိ၊ စစ်သည်များ၊ အမွေခံများနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။

တေးသီချင်းများဖြင့် ဂုဏ်ပြုဖျော်ဖြေ

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ခံရသူများကို လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့က တေးသီချင်းများဖြင့် ဂုဏ်ပြုဖျော်ဖြေကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်ခံရသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်