နေပြည်တော် ဇန်နဝါရီ ၄

၂၀၂၅ ခုနှစ် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမရှေ့ ရင်ပြင်၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားကို (၁) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် လက်နက်ကိုင်ပဋိပက္ခများနှင့် သဘောထားကွဲလွဲမှုများကို ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ရေး၊ (၂) နိုင်ငံသူ၊ နိုင်ငံသားအားလုံးတို့က စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုစိတ်ဓာတ် အရင်းခံကာ နိုင်ငံတော်ကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ထိန်းသိမ်းရေး၊ (၃) စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာစေရေးအတွက် တရားမျှတသော၊ သိက္ခာရှိသော၊ နည်းလမ်းကျနမှန်ကန်မှုရှိသော အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး၊ (၄) ပြည်ထောင်စုကြီးတစ်ခုလုံး ဘက်စုံထောင့်စုံ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်သူလူထုတစ်ရပ်လုံး၏ “စုပေါင်းအား” ဖြင့် ဆောင်ရွက်ရေး၊ (၅) “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” ဆိုသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ အမျိုးသားရေးစရိုက်လက္ခဏာနှင့် အမျိုးသားစိတ်ဓာတ်မြှင့်တင်ရေးတို့အတွက် ခိုင်မာသည့် ဇွဲ၊ လုံ့လ၊ ဝီရိယထားပြီး စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဖော်ဆောင်ရေးဟူသည့် (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များနှင့်အညီ အနှစ်သာရပြည့်ဝစွာ ကျင်းပခြင်းဖြစ်သည်။

နိုင်ငံတော်အလံကိုလွှင့်တင်

ရှေးဦးစွာ နံနက် ၄ နာရီ မိနစ် ၂၀ တွင် ၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကို ကျင်းပရာ အလံတင်တပ်စုက တိုင်းရင်းသား၊ တိုင်းရင်းသူများ ခြံရံ၍ နိုင်ငံတော်အလံကိုလွှင့်တင်သည်။

ထို့နောက် နံနက် ၆ နာရီတွင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်မှ တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များ၊ အခွန်အယူခံခုံရုံးအဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများ၊ မိဘပြည်သူများသည် နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားကျင်းပမည့် မြို့တော် ခန်းမရှေ့ ရင်ပြင်သို့ ဝင်ရောက် နေရာယူကြသည်။

ချီတက်နေရာယူ

ယင်းနောက် နံနက် ၇ နာရီ တွင် ၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားကို ကျင်းပရာ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဂုဏ်ပြုတပ်ဖွဲ့က မြို့တော်ခန်းမရှေ့ ရင်ပြင်သို့ ချီတက်နေရာယူကြသည်။

ဆက်လက်၍ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရီပျံချီ မဟာသရေစည်သူ စိုးဝင်းက အလေးပြုခံစင်မြင့်သို့ ရောက်ရှိပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူသည်။

နိုင်ငံတော်အလံကို အလေးပြု

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက်ရောက်လာကြသူများသည် ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုကြသည်။

ယင်းနောက် ဂုဏ်ပြုတပ်ဖွဲ့က ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းအား အလေးပြု၍ သစ္စာလေးချက်ကို သံပြိုင်ရွတ်ဆိုကြသည်။

သဝဏ်လွှာကို ဖတ်ကြား

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရီပျံချီ မဟာသရေစည်သူ စိုးဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်