ရန်ကုန် ဇန်နဝါရီ ၅
သတင်းနှင့်စာနယ်ဇင်း ဝန်ထမ်းဟောင်းများအသင်း ဆဋ္ဌမအကြိမ်မြောက် အာစရိယပူဇော်ပွဲနှင့် အသက် (၈၀) နှင့်အထက် အသင်းဝင်များ သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလမ်း သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းရုံးရှိ ရွှေဥဒေါင်းခန်းမ၌ ကျင်းပရာပင့်ဖိတ်ထားသည့် သံဃာတော်များ ကြွရောက်တော်မူကြပြီး အသင်းကြီး၏ ကန်တော့ခံသက်ကြီးအသင်းဝင်များ၊ အသင်းအမှုဆောင်များနှင့် အသင်းဝင်များ၊ ဝန်ထမ်းများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာသံဃာတော်များထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များနာယူ၍ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် သတင်းနှင့်စာနယ်ဇင်း ဝန်ထမ်းဟောင်းများအသင်းဥက္ကဋ္ဌ ဦးမြင့်ဆွေက အဖွင့်အမှာစကား ပြောကြားပြီး အတွင်းရေးမှူးက အသင်း၏ဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြကာ ကန်တော့ခံ သက်ကြီးအသင်းဝင်များကို ဧည့်ပရိတ်သတ်တို့က ကန်တော့ချိုးဖြင့် ကန်တော့ကြသည်။
ထို့နောက် သက်ကြီးကန်တော့ခံ ဆရာသမားနှစ်ဦးက မုဒိတာစကားနှင့် ဆုံးမဩဝါဒစကား ပြောကြားပြီး အသင်းဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက အသင်းကြီး၏ ကန်တော့ခံသက်ကြီးအသင်းဝင်များ၊ အသင်းအမှုဆောင်များနှင့် အသင်းဝင်များ၊ ဝန်ထမ်းများ၊ အလှူရှင်ခုနှစ်ရက်သားသမီးများအားလုံး ကျန်းမာချမ်းသာပြီး ဘေးဘယာဝေးကွာကြပါစေကြောင်း နှစ်သစ်ဆုတောင်းမေတ္တာများ ပို့သခဲ့ကြောင်းသိရသည်။
သတင်းနှင့်ဓာတ်ပုံ
မောင်သီဟ(MNA)


