ပွင့်ဖြူ ဇန်နဝါရီ ၆

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးရာသီကစိုက်ပျိုးသည့် ဆီထွက်သီးနှံ နေကြာစိုက်ခင်းများ ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီးပြီဖြစ်ကာ ယခင်နှစ်ထက် သီးနှံအထွက်နှုန်း ကောင်းမွန်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

 

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးရာသီစိုက်ပျိုးသည့် ဆီထွက်သီးနှံနေကြာ ဧက ၉၃၀ လျာထားစိုက်ပျိုးခဲ့ရာ မြေပြင်စိုက်ပျိုးနိုင်မှု ၁၀၄၆ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခုအခါ နေကြာသီးနှံစိုက်ခင်းများမှာ ရိတ်သိမ်းခြွေလှေ့ချိန်ရောက်ရှိပြီဖြစ်သဖြင့် ဒေသခံတောင်သူများက ၂၀၂၄ ခုနှစ် စက်တင်ဘာလပထမပတ်မှ စတင်ရိတ်သိမ်းခဲ့ရာ ယနေ့တွင် ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း၊ ထိုသို့ ရိတ်သိမ်းပြီးစီးသည့် နေကြာ တစ်ဧကလျှင် ၁၉ ဒသမ ၃၄ တင်း ထွက်ရှိကြောင်း သိရသည်။

 

“မိုးရာသီတွင် စိုက်ပျိုးသည့် နေကြာ ၁၀၄၆ ဧကအထိ လျာထားစိုက်ပျိုးနိုင်ခဲ့ပါတယ်။ အခုအချိန်မှာ စိုက်ပျိုးထားတဲ့ နေကြာစိုက်ခင်းတွေအားလုံး ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီ ဖြစ်ပါတယ်။ နေကြာသီးနှံက အောင်မြင်ဖြစ်ထွန်းမှုရှိတာကြောင့် ပြီးခဲ့တဲ့နှစ်ထက် သီးနှံအထွက်နှုန်း ကောင်းပါတယ်။ တစ်ဧကကို ၁၉ ဒသမ ၃၄ တင်း ထွက်ရှိပါတယ်။ နေကြာသီးနှံ ရိတ်သိမ်းခြွေလှေ့ခြင်းနဲ့ ပတ်သက်ပြီး သီးနှံအထွက်နှုန်းတွေ လျော့နည်းမှုမဖြစ်အောင် တောင်သူတွေကို အချိန်မီ ရိတ်သိမ်းခြွေလှေ့ကြဖို့၊ သီးနှံအရည်အသွေးကောင်းမွန်အောင် အမိုးအကာအောက် စနစ်တကျ သိမ်းဆည်းကြဖို့ တောင်သူပညာပေးလုပ်ငန်းတွေကို ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးခဲ့ပါတယ်”ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

 

ပွင့်ဖြူးမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးစရိတ်အကုန်အကျသက်သာပြီး သီးနှံဝင်ငွေ ပိုမိုရရှိသည့် နေကြာသီးနှံစိုက်ပျိုးရေးလုပ်ငန်းကို မိုးရာသီနှင့် ဆောင်းရာသီတွင် အားထားစိုက်ပျိုး လုပ်ကိုင်ကြကြောင်း၊ ယခုနှစ် မိုးရာသီတွင် စိုက်ပျိုးရေးဦးစီးဌာနက နေကြာစိုက်ပျိုးတောင်သူများအား သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်အောင် ပံ့ပိုးကူညီပေးခြင်း၊ စိုက်ပင်အရေအတွက် ပြည့်မီစေရန် စိုက်ပျိုးရေးအသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခြင်းစသည့် တောင်သူပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြင့် မိုးနေကြာစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းပြီး ယခင်နှစ်ကထက် သီးနှံအထွက်နှုန်းများ ပိုမိုကောင်းမွန်ခဲ့ကြောင်း သိရသည်။

 

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)