ရန်ကုန် ဇန်နဝါရီ ၆

 

ရန်ကုန်မြို့ရှိ ကြည့်မြင်တိုင် စံပြငါးဈေးသို့ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အဖြစ် ပင်လယ်ထွက်ကုန်အမျိုးအစား ၈၀ ခန့် ပုံမှန်ဝင်ရောက်လျက်ရှိပြီး ပြည်ပပို့ကုန်အဖြစ် ဆော်ဒီအာရေဗျ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့သို့ အအေးခန်းစက်ရုံများမှတစ်ဆင့် ရေလမ်းကြောင်းဖြင့် ပုံမှန်တင်ပို့လျက်ရှိကြောင်း အဆိုပါဈေးမှ သိရသည်။

 

“ပင်လယ်ပြင်ကဝင်လာတဲ့ ငါး၊ ပုစွန်တွေကို ရန်ကုန်ဆိပ်ခံတံတားကနေ အအေးခန်းစက်ရုံတွေကိုတင်ပို့ပြီး အဲဒီကတစ်ဆင့် ကွန်တိန်နာနဲ့ ရေလမ်းကြောင်းကနေ ပြည်ပကိုပို့ကြတာပါ။ ပြည်ပဝယ်လက်တွေကိုယ်တိုင် ဆင်းပြီးမှာလို့ ပို့တာရှိသလို ကိုယ်စားလှယ်တွေကတစ်ဆင့် ပို့တာလည်း ရှိပါတယ်။ ဒီလို ပို့တဲ့အခါ ပင်လယ်ငါးအပြင် ရေချိုထွက်ကုန်တွေ ပို့နေတာလည်း ရှိတယ်။ ပင်လယ်ငါးက ရာသီမရွေးပို့ပါတယ်"ဟု ရေလုပ်ငန်းရှင် ဒေါ်တင်နွယ်က ပြောပြသည်။

 

ရန်ကုန်မြို့တွင် ပင်လယ်ငါးဖမ်းစက်လှေများ ဆိုက်ကပ်ရာ ဆိပ်ခံတံတား ၁၀ ခု ကျော်ရှိပြီး ယခုရက်ပိုင်းအတွင်း မြန်မာ့ပင်လယ်ပြင်မှ ပြည်ပသို့တင်ပို့သည့် ငါးနှပ်၊ ငါးတံခွန်၊ ငါးပုတ်သင်နှင့် ပုစွန်များ အဆက်မပြတ် ဝင်ရောက်လျက်ရှိသည့်အတွက် နှစ်သစ်ကူးကာလ၌ ပင်လယ်ရေထွက်ကုန်များ အရောင်းအဝယ်ကောင်းလျက်ရှိသည့်အပြင် ပြည်ပဝယ်လိုအားကောင်းသည့် ငါးသလောက်နှင့် ကင်းမွန်များ ရန်ကုန်ဈေးကွက်သို့ ယခုလအတွင်း လှိုင်လှိုင်ဝင်ရောက်လာနိုင်ကြောင်း ငါးလုပ်ငန်းရှင်များက ခန့်မှန်းထားသည်။

 

သစ္စာ(MNA)၊ ဓာတ်ပုံ - ဇွဲမာန်