နေပြည်တော် ဇန်နဝါရီ ၆

 

ဥပဒေအသိပညာဖြန့်ဝေခြင်း ဆင့်ပွားသင်တန်း အမှတ်စဉ် (၂) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၃၆) ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုး‌ရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းကြီးကြပ်နှင့် သင်တန်းနည်းပြများ၊ ဆရာများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ သင်တန်းတွင် ပညာရပ်ကျွမ်းကျင်သူများက ကဏ္ဍစုံ သင်ကြားသလို မိမိကိုယ်တိုင်ကလည်း နိုးကြားတက်ကြွစွာ လေ့လာသင်ယူကြရန်နှင့် အချင်းချင်း အသိပညာမျှဝေရန် လိုအပ်ကြောင်း၊ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူများ၊ ဌာနဆိုင်ရာ လုပ်ငန်းကျွမ်းကျင်သူအချင်းချင်း ဆွေးနွေးဖလှယ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစားမှုရှိစေကြောင်း၊ ယခုသင်တန်း တက်ရောက်သူအားလုံးက ဥပဒေ ဆိုင်ရာပညာရပ်များကို နားလည်သဘောပေါက်ပြီး မိမိဌာနတွင်လည်း ဥပဒေ၏ အရေးပါမှုကို သိရှိစေနိုင်ရန် ထပ်ဆင့်မျှဝေခြင်းများ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

အဆိုပါ သင်တန်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ဥပဒေမူကြမ်း ရေးဆွဲခြင်းနှင့် ပြင်ဆင်သည့်ဥပဒေ (မူကြမ်း) ရေးဆွဲခြင်းစသည့်တို့နှင့် စပ်လျဉ်း၍ သိကောင်းစရာနှင့် လိုက်နာကျင့်သုံးရန်များ၊ တဆင့်ခံဥပဒေ (မူကြမ်း) ရေးဆွဲခြင်းများ၊ စာချုပ်စာတမ်းချုပ်ဆိုရာတွင် သိရှိလိုက်နာရန်နှင့် ဆောင်ရန်ရှောင်ရန် အချက်များကို သင်ကြားပို့ချသွားမည်ဖြစ်သည်။

 

ထို့ပြင် စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာ မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များတွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး၊ နိုင်ငံတော်မှ ပြဌာန်းထားသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စွမ်းစွမ်းတမံဆောင်ရွက်နိုင်သည့် နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် ပါဝင်ဆောင်ရွက်နိုင်ရေးတို့ကိုလည်း ပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ အရာထမ်း (၃၅)ဦး တက်ရောက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်