ဘားအံ ဇန်နဝါရီ ၆

 

ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများ၊ ဒေသခံပြည်သူများ စုပေါင်း၍ စားသောက်ကုန်ပစ္စည်းများပေးအပ်သည့် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဘားအံမြို့ရှိ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အသက်ကို ပဓာနမထားဘဲ တာဝန်များ ထမ်းဆောင်နေကြသည့် တပ်မတော်သားနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဆောင်ရွက်ပေးနိုင်သည့်နည်းလမ်းဖြင့် အားပေးကူညီပေးခြင်းဖြစ်ပါကြောင်း၊ တာဝန် ထမ်းဆောင်နေကြသော တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အန္တရာယ်ကင်းရှင်း၍ တိုက်ပွဲတိုင်း အောင်မြင်နိုင်ပါစေဟု ဆုတောင်းမေတ္တာပို့သအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးထံ စားသောက်ဖွယ်ရာများကို ပေးအပ်ပြီး လှူဒါန်းကြသည့် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ စားသောက်ဖွယ်ရာများ ကြော်လှော်ချက်ပြုတ်ပေးကြသည့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများအား ငွေကျပ် (၁၁) သိန်း ချီးမြှင့်ပေးအပ်သည်။

 

ယနေ့တွင် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ငါးပိကြော်၊ ငါးခြောက်ကြော်၊ ခေါက်ဆွဲခြောက်၊ အချိုရည်၊ ကော်ဖီမစ်၊ မြေပဲဆားလှော်၊ ကြံသကာ အစရှိသော စားသောက်ကုန်ပစ္စည်း ၁၁ မျိုး ပါဝင်သည့် အထုပ်ပေါင်း ၇၅၀၀ ကို ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဆဋ္ဌမအကြိမ်အဖြစ် ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်