နေပြည်တော်၊ ဇန်နဝါရီ ၆
ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၅) ကို ယနေ့နံနက် ၁၀ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) ရှိ Meeting Hall ၌ ကျင်းပရာ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကိုယ်စားလှယ်များ၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ကမ္ဘာတစ်ဝန်းတွင် ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှု တစ်မျိုးတည်းကြောင့် နှစ်စဉ်လူဦးရေ (၈)သန်းကျော် သေဆုံးနေ ရပြီး အဆိုပါလူဦးရေမှ (၁ ဒသမ ၂) သန်းသည် ကိုယ်တိုင်ဆေးလိပ်ဆေးရွက်ကြီးသုံးစွဲခြင်းကြောင့် မဟုတ်ဘဲ အခြားသူသောက်သုံးသည့် တဆင့်ခံဆေးလိပ်ငွေ့ (Second-hand smoke) ကြောင့် ရောဂါများဖြစ်ပွား၍ သေဆုံးနေရပြီး အများစုသည် အမျိုးသမီးနှင့်ကလေးငယ်များဖြစ်သည်ကို တွေ့ရှိရကြောင်း။
(၂၀၀၆) ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေး ဥပဒေကိုလည်း ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အများ ပြည်သူများအကြား ဆေးလိပ်နှင့်ဆေးရွက်ကြီးသောက်သုံးမှု လျော့နည်းကျဆင်းရေးကို ရည်ရွယ်၍ ထုတ်ပြန်ကြော်ငြာခဲ့သည့် “ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့် အညီထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများကိုပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်” သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်တွင် စတင်အာဏာသက်ဝင်ခဲ့ပြီးဖြစ်သည့်အတွက် အမိန့်စာကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ အနေဖြင့် ဆက်လက်ဆောင်ရွက်ရန် ကိစ္စရပ်များကို အားဖြည့်ဆောင်ရွက်ပေးရန် တိုက်တွန်းမှာကြားလိုကြောင်း၊ အမိန့်စာပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ လုပ်ငန်းရှင်များဘက်က လိုက်နာဆောင်ရွက်ရန် ကိစ္စများကိုလည်း အထူးအလေးထား လိုက်နာကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုအဖွဲ့ အဖွဲ့ဝင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာကျော်ကံကောင်းက “ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများကို ပုံနှိပ် ဖော်ပြခြင်းဆိုင်ရာအမိန့်”နှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ဗဟိုအဖွဲ့ အဖွဲ့ဝင်များနှင့် ကိုယ်စားလှယ်များက ဝိုင်းဝန်းဆွေးနွေးအကြံပြုကြသည်။
ယင်းနောက် ဗဟိုအဖွဲ့ အတွင်းရေးမှူး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက အစည်းအဝေးဆုံးဖြတ်ချက်များကို ရှင်းလင်းတင်ပြပြီး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


