ပြည်ထောင်စုမြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးအပေါင်းတို့သည် ရှေးနှစ်ပေါင်းထောင်ချီကတည်းက ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနှင့် ပြည်ထောင်စုကြီး၏ အရိပ်အာဝါသအောက်တွင် စည်းလုံးညီညွတ်စွာ အတူတကွ စုပေါင်းနေထိုင်ခဲ့ကြသည်။ သို့သော် ကိုလိုနီနယ်ချဲ့တို့၏ မတရားကျူးကျော်သိမ်းပိုက်ခြင်းခံရပြီး လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ဆုံးရှုံးခဲ့ရသည်။ နိုင်ငံတော်ကိုတန်ဖိုးထား မြတ်နိုးကြသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးက ရဲစွမ်းသတ္တိအပြည့်ဖြင့် တပ်မတော်နှင့်အတူလက်တွဲ၍ နယ်ချဲ့တို့ကို တွန်းလှန်ခဲ့ရာ လုံးဝလွတ်လပ်သော နိုင်ငံအဖြစ် ပြန်လည်ရရှိပိုင်ဆိုင်ခဲ့သည်။

 

ရဲစွမ်းသတ္တိ၊ ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်များ ပြည့်ဝမှုကြောင့် လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာ ပြန်လည်ရပ်တည် နိုင်ခဲ့သည်။ သို့သော် ကိုလိုနီနယ်ချဲ့တို့၏ အမွေဆိုးများနှင့်အတူ ပြည်တွင်း၊ ပြည်ပ ပယောဂအမျိုးမျိုး တို့ကြောင့် တိုင်းရင်းသားပြည်သူအချင်းချင်း စိတ်ဝမ်းကွဲပြားခြင်း၊ ပဋိပက္ခအဖုံဖုံဖြစ်ပွားခြင်းနှင့်အတူ လွတ်လပ်ရေးရပြီး နောက်ပိုင်းကာလမှစ၍ မျက်မှောက်ကာလအထိတိုင် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ အားနည်းလျက်ရှိသည်ကို တွေ့မြင်ကြရမည်ဖြစ်သည်။

 

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “မိမိတို့၏ ဘိုးဘေးအစဉ်အဆက် အသက်သွေးချွေး ရင်းနှီးပေးဆပ်ပြီး လက်ဆင့်ကမ်းခဲ့သည့် လွတ်လပ်ရေးအမွေကို ထာဝစဉ်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ကြရမည့်တာဝန်သည် မိမိတို့အားလုံးအတွက် သမိုင်းပေး တာဝန်ပင်ဖြစ်ကြောင်း၊ တိုင်းပြည်၏လွတ်လပ်ရေး အစဉ်တည်တံ့အောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရုံသာမကဘဲ လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြသူများ၏ မျှော်မှန်းချက်များနှင့်အညီ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်အဖြစ် တည်ဆောက်နိုင်ရေးကိုလည်း အားကြိုးမာန်တက် ဆက်လက်ကြိုးပမ်းကြရမည် ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးကို ရှေးရှုပြီး “လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပြည်ထောင်စု တစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထားဆောင်ရွက်သွားမည်” ဟူသောအချက်ပါဝင်သည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေး” ပါဝင်သည့် ဦးတည်ချက် (၉) ရပ်ကိုလည်း နိုင်ငံတော်တာဝန် ထမ်းဆောင်ချိန်မှစပြီး တစိုက်မတ်မတ် အကောင်အထည်ဖော် လျက်ရှိသည်။

 

ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူအားလုံးတို့၏ အင်အားသည် အဓိကကျပြီး အားလုံးပူးပေါင်းပါဝင်မှုသည် အရေးကြီးသည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရာ၌ နိုင်ငံလွတ်လပ်ရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့သည့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် စည်းလုံးညီညွတ်မှု အားမာန်များကဲ့သို့ ခွန်အားများမွေးမြူထားရှိကြရန် လိုအပ်သည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက လွတ်လပ်ရေးနေ့အခါသမယတွင် နှစ်စဉ်ဂုဏ်ပြုချီးမြှင့်သည့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို တည်ဆောက်ရာတွင် စွမ်းစွမ်းတမံဆောင်ရွက်ကြသည့် ပုဂ္ဂိုလ်များ၊ အမျိုးသားရေးမူဝါဒဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရာတွင် သက်စွန့်ကြိုးပမ်း ဆောင်ရွက်ကြသော ပုဂ္ဂိုလ်များ၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များနှင့်အညီ ထူးခြားစွာအားထုတ်ဆောင်ရွက်ကြသည့် ပုဂ္ဂိုလ်များသည် နိုင်ငံတော်အတွက် စံနမူနာပြပုဂ္ဂိုလ်များ ဖြစ်သည်။

 

နိုင်ငံတော်က ချမှတ်ဆောင်ရွက်လျက်ရှိသည့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များနှင့် အမျိုးသားရေး ရည်မှန်းချက်များတွင် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ အေးချမ်းစွာပညာသင်ကြားနိုင်ရေး၊ ပြည်သူများကိုယ်စိတ်နှလုံးချမ်းမြေ့စွာ နေထိုင်လုပ်ကိုင် စားသောက်နိုင်ရေးစသည့် အချက်များစွာတို့နှင့် ကဏ္ဍအလိုက် အသေးစိတ်အကောင်အထည်ဖော်ရမည့် လုပ်ငန်းတာဝန်များစွာရှိသည်။ ထို့ကြောင့် အဆိုပါလုပ်ငန်းစဉ်များအားလုံး အချိန်တိုအတွင်း ထိရောက် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန်အတွက် ကဏ္ဍပေါင်းစုံ ဘက်ပေါင်းစုံမှ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ တိုင်းရင်းသားပြည်သူများက နိုင်ငံတော်အစိုးရနှင့်အတူ တက်တက်ကြွကြွ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါကြောင်း။

 

ကြေးမုံ