ဒေါက်တာလပြည့်ခင်

 

ဝဥ (သို့မဟုတ်) ဖျံဥ

ဝဥကို သိတဲ့သူရှိသလို မသိတဲ့သူတွေလည်းရှိနိုင်ပါတယ်။ ဝဥကို နောက်တစ်မျိုးအနေနဲ့ ဖျံဥလို့လည်း ခေါ်ကြပါတယ်။ ဝဥ ဆိုတာက အာဟာရပြည့်ဝတဲ့ သစ်ဥသစ်ဖုတစ်မျိုးပါ။ ဝဥကို အင်္ဂလိပ်လို Elephant Foot Yam (သို့) White Yam (သို့) Telingo လို့ခေါ်ပါ တယ်။ ကမ္ဘာပေါ်မှာ ဝဥမျိုးစိတ်ပေါင်း ၁၃၀ ခန့်ရှိတဲ့အနက် ၁၂ မျိုးခန့်သာ ဖော်ထုတ်သုံးစွဲလျက်ရှိကြောင်း လေ့လာသိရှိရပါတယ်။

 

ဖော်ထုတ်သုံးစွဲနေတဲ့ ဝဥအပင်မျိုးစိတ်ပေါင်း ၁၂ မျိုးထဲက A.conjak မျိုးနဲ့ A.campanulatus မျိုးစိတ်နှစ်မျိုးက အာနိသင် အကောင်းဆုံးဖြစ်လို့ နိုင်ငံခြားမှ ဝယ်ယူလိုတဲ့မျိုးတွေ ဖြစ်ပါတယ်။ ဝဥပင်က ဥရှိတဲ့အပင်မျိုးဖြစ်ပြီး အမြင့် နှစ်ပေမှ လေးပေခန့်ရှိပါတယ်။ မိုးရွာတာနဲ့တစ်ပြိုင်နက် အစို့လေးတွေထွက်လာပါတယ်။ အပင်ပေါက်ပြီး ထွက်လာတဲ့ရွက်လွှဲက ရွက်ပြားကျယ်ပြန့်ပြီး အလျားတစ်ပေမှ သုံးပေထိရှိပါတယ်။ အပွင့်ကလေးတွေက အလွန် သေးငယ်ပြီး ၁၀ လက်မကနေ ၁၂ လက်မအရှည်ရှိတဲ့ ပွင့်ခိုင်ရိုးတံပေါ်မှာ စီတန်းပြီးပွင့်ကြပါတယ်။ ပွင့်ခိုင်ရိုးတံပေါ်မှာ ပြောင်းဖူးနဲ့ပုံစံတူတဲ့ အသီးလေးတွေ စီတန်းပြွတ်သိပ်ပြီးသီးပါတယ်။ အသီးနုတုန်းမှာ အစိမ်းရောင်ဖြစ်ပြီး အသီးတွေရင့်မှည့်လာတဲ့အခါ လိမ္မော်နီရောင်ကို ပြောင်းသွားပါတယ်။

 

Conjak ဝဥမျိုးစိတ်နဲ့ Campanulatus ဝဥမျိုးစိတ်

ပြည်ပနိုင်ငံတွေက အကြိုက်များတဲ့ Conjak ဝဥမျိုးစိတ်နဲ့ Campanulatus ဝဥမျိုးစိတ်တွေက အခြားဝဥမျိုးစိတ်တွေနဲ့ မတူတဲ့အချက်တွေရှိပါတယ်။ Conjak မျိုးက ရိုးတံစိမ်းပြီး ဥရဲ့အရောင်က ပန်းရောင်အနုဖြစ်ပါတယ်။ အစေ့အိမ်တွေ ပိုမိုများပြားစွာပါဝင်ပြီး အရွက်မှာ ဝဥပုံလိုမျိုးပွားဖို့ ဥငယ်ကလေး (ဂလင်း) တွေ ရှိပါတယ်။ Campanulatus မျိုးရဲ့ရိုးတံက ချောမွတ်ပြီး အဖြူကွက်လေးတွေ အနည်းငယ်ပါပါတယ်။ Conjak မျိုးက အေးမြတဲ့ရာသီဥတုရှိတဲ့ တောင်ပေါ်ဒေသတွေမှာ ပေါက်ရောက်ရှင်သန်ပြီး Campanulatus မျိုးကတော့ ရာသီဥတုမျှတမှုရှိတဲ့ တောင်ပေါ်ဒေသတွေမှာ ပေါက်ရောက်ပါတယ်။ ဝဥက သဘာဝအလျောက်ပေါက်ရောက်ပြီး အစေ့ကမျိုးပွားနိုင်သလို ဥကဖြာထွက်တဲ့ အမြစ်တွေကနေဖြစ်ပေါ် လာတဲ့ ဥလေးတွေကနေလည်း မျိုးပြန့်ပွားကြပါတယ်။

 

 

ဝဥထွက်တဲ့အရပ်နဲ့ ဝဥအမျိုးအစားများ

ဝဥရဲ့ မူရင်းဒေသက အရှေ့တောင်အာရှဖြစ်ပြီး အပူပိုင်းအာရှနဲ့ အာဖရိကဒေသတွေမှာ ဝဥအပင်တွေ သဘာဝအလျောက် ပေါက်ရောက်ဖြစ်ထွန်းမှုရှိကာ အအေးပိုင်း‌ဒေသတွေနဲ့ တောင်ပေါ်ဒေသတွေမှာဆိုရင် စနစ်တကျ စိုက်ပျိုးဖြစ်ထွန်းမှုရှိတဲ့ အပင်တစ်မျိုး ဖြစ်ပါတယ်။ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့ရဲ့ တချို့ဒေသတွေမှာ သဘာဝပေါက်ပင်အဖြစ် ပေါက်ရောက်ပါတယ်။ စိုက်ပျိုးရ လွယ်ကူပြီး ဝင်ငွေတိုးစေတဲ့ Aracac (ခေါ်) ပိန်းမျိုးရင်းတစ်မျိုးဖြစ်တဲ့ ဝဥပင်တွေကို စီးပွားဖြစ် စိုက်ပျိုးလေ့ရှိကြပါတယ်။ ဝဥရဲ့ အတွင်းသားက အဖြူရောင်၊ ပန်းရောင်၊ အဝါရောင်နဲ့ အနီရောင်ဆိုပြီးတော့ အရောင် လေးမျိုးတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် မွန်ပြည်နယ်၊ ကရင် ပြည်နယ်၊ ရခိုင်ပြည်နယ်ကထွက်တဲ့ ဝဥက အဝါရောင်မျိုးဖြစ်ပြီး ချင်းပြည်နယ်က ဝဥကပန်းရောင်မျိုး၊ ပဲခူးရိုးမက ဝဥအနီမျိုးနဲ့ ဝဥ အဖြူမျိုးတို့ ထွက်ကြပါတယ်။ ဝဥအဖြူမျိုးနဲ့ အဝါမျိုးက ချက်ချင်းချက်ပြုတ်စားနိုင်ပြီး ဝဥအနီမျိုးက ယားယံတတ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဈေးကွက်မှာ ဝဥအနီရောင်က ပထမတန်းစား၊ အဝါရောင်က ဒုတိယတန်းစားနဲ့ အဖြူရောင်က တတိယတန်းစားအနေနဲ့ အရောင်းအဝယ်ပြုကြတယ်လို့ သိရပါတယ်။

 

 

ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ ဝဥကို စီးပွားဖြစ်စိုက်ပျိုးကြပြီး ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့မှာလည်း ဝဥတွေ အများအပြားစိုက်ပျိုး အောင်မြင်ဖြစ်ထွန်းလျက်ရှိတာ တွေ့ရပါတယ်။ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ပင်လည်ဘူး၊ ကောလင်း၊ ဝန်းသို၊ ကလေး၊ ဖောင်းပြင်မြို့တို့ရဲ့ တောတောင်တွေမှာ အဖြူရောင်မျိုးစိတ်တွေကို သဘာဝပေါက်ပင်အဖြစ် တွေ့ရှိရပါတယ်။ စိုက်ပျိုးသူအများစုက ချင်းပြည်နယ်ကထွက်တဲ့ ပန်းရောင်ဝဥမျိုးကို ပိုကြိုက်ကြပါတယ်။ ချင်းပြည်နယ်မှာစိုက်တဲ့ ဝဥရဲ့အားသာချက်က ဥကြီးထွားနှုန်းကောင်းပြီး အရွက်ပေါ်မှာ အသီးသီးပါတယ်။

 

ဝဥစိုက်ပျိုးနည်း

ဝဥပင်တွေကို မိုးဦးကျကာလ ဇွန်လမှာ စတင်စိုက်ပျိုးလေ့ရှိပြီး ဇူလိုင်လမှာ အရွက်ဖားဖားနဲ့ အပင်တွေကြီးထွား ဖြစ်ထွန်းလာပါတယ်။ စက်တင်ဘာလလောက်မှာ ပင်စည်အရင်းဘက် မြေကြီးအတွင်းမှာ ဝဥတွေ ကြီးထွားလာပြီး အောက်တိုဘာလပိုင်းရောက်ရင် အရွက်တွေပေါ်မှာ မျိုးဥသီးတဲ့ အဖြူရောင်ဝဥနဲ့ ဖူးတံထွက်ပြီး အသီးပန်းခိုင်သီးတဲ့ အဝါရောင်ဝဥတွေ ထွက်လာပါတယ်။ အရွက်တွေပေါ်ကထွက်တဲ့ မျိုးဥတွေကို စနစ်တကျခူးဆွတ်ပြီး စိုက်ပျိုးဖို့မျိုးဥတွေအဖြစ် ပြန်လည်ရောင်းချကြပါတယ်။ အဝါရောင်ဝဥက ထွက်လာတဲ့ ဖူးတံတွေက နိုဝင်ဘာလကုန်ပိုင်းလောက်မှာ အသီးရင့်လာပြီး နီရဲနေတဲ့အသီးတွေ မြေပြင်ပေါ်ကြွေကျပြီးတော့ မိုးဦးကျကာလမှာ အပင်တွေ ပေါက်ရောက်တတ်တာကြောင့် မျိုးဆက်ပျံ့နှံ့လွယ်ပါတယ်။ ပင်စည်နဲ့အရွက်တွေ အဝါရောင်သန်းပြီး အရွက်တွေညှိုးကျတဲ့ နိုဝင်ဘာလကုန်ပိုင်းနဲ့ ဒီဇင်ဘာလကိုရောက်ရင် ဝဥတွေကို စတင် တူးဖော်နိုင်ပါတယ်။

 

ဝဥစိုက်ပျိုးတဲ့အခါ မျိုးရွေးချယ်မှု မှန်ကန်ဖို့လိုပါတယ်။ ဝဥက မြေပွကိုကြိုက်ပါတယ်။ ဝဥပင်ရအောင် ဥကနေလည်း စိုက်လို့ရပြီး အရွက်နဲ့ဖူးတံကလည်းစိုက်လို့ရပါတယ်။ ဥကိုစိုက်ရင် သုံးဆကနေ ၁၂ ဆထိကြီးထွားနိုင်ပါတယ်။ ဖိအားနည်းတဲ့ ဆင်ခြေလျှောတောင်စောင်းမြေတွေမှာ သုံးပေကနေ လေးပေတန်းခြား စိုက်ပျိုးကြပါတယ်။ အပင်အရေအတွက်အနေနဲ့ တစ်ဧကကို တန်းကြားလေးပေ၊ ပင်ကြားနှစ်ပေ စိုက်ပျိုးပြီး ဝဥအပင် ၅၅၀၀ ကျော်ဝင်ဆံ့အောင် စိုက်ပျိုးသင့်ပါတယ်။ ဝဥကိုစိုက်ပျိုးပြီး နှစ်ဝက် အတွင်းမှာ သတ်မှတ်အရွယ်အစားရောက်ရင် တူးဖော်ကြရပါတယ်။ ဝဥကိုတူးဖော်နိုင်တဲ့ သတ်မှတ် အရွယ်အစားက အမြင့်ခြောက်လက်မကနေ ရှစ်လက်မအတွင်း၊ အချင်း ၁၀ လက်မနဲ့ လုံးပတ်အရွယ်အစားက နှစ်ပေ ခြောက်လက်မကနေ သုံးပေအထိရှိနိုင်ပါတယ်။

 

ဝဥပင်တွေကို စိုက်ပျိုးတဲ့အခါ ရေမဝပ်စေဖို့ သတိပြုရပါတယ်။ စိုက်ခင်းမှာ အရိပ်မရှိရင် ၆၀ ရာခိုင်နှုန်း အရိပ်ရအောင် ပြုလုပ်ပေးသင့်ပြီး အရိပ်ကြိုက်တဲ့အပင်မျိုးဖြစ်ပေမယ့် အရိပ်ထူရင်လည်း အလင်းရရှိတဲ့ဘက်ကို အပင်တွေယိုင်သွားတတ်ပါတယ်။ ဝဥ တစ်ဧက စိုက်ပျိုးရင် ငွေကျပ်သုံးသိန်းကနေ ငါးသိန်းအထိ ကုန်ကျပြီး အထွက်အနေနဲ့ တစ်နှစ်ပျမ်းမျှ ဝဥအစို ပိဿာ ၃၀၀၀ ကနေ ၅၀၀၀ ထိ ထွက်ရှိပါတယ်။ တူးဖော်ရရှိတဲ့ ဝဥတွေက အရွယ်အစားအမျိုးမျိုးရှိပြီး အကြီးဆုံးအရွယ်အစားအနေနဲ့ တစ်ပိဿာခန့်ရှိတဲ့ ဝဥတွေလည်း ရရှိတတ်ပါတယ်။ တူးဖော်ပြီးတဲ့ ဝဥတွေကို အရိပ်ရပြီး လေဝင် လေထွက်ကောင်းတဲ့နေရာမှာ ထားသိုရပါတယ်။ တချို့ဒေသခံတွေက ဝဥတွေကို တောတောင်တွေက တူးဖော်ယူလာပြီး ဒိုင်တွေကို သွားရောင်းလေ့ရှိပါတယ်။ ဝဥပင်တွေက အရင်ကတောတောင်တွေထဲမှာ သဘာဝပေါက်ပင်တွေအနေနဲ့သာ ရှိခဲ့ရာကနေ ယခုအခါ စိုက်ပျိုးရလွယ်ကူပြီး ဝင်ငွေရရှိနေတာကြောင့် မိမိတို့ရဲ့ အိမ်ခြံဝင်းတွေထဲမှာ တစ်နိုင်တစ်ပိုင်စိုက်ပျိုးမှုတွေ ပိုမိုများပြားလာကြပြီဖြစ်ပါတယ်။ ဒါ့ပြင် အဲဒီဝဥအစိုတွေကို အခြောက်ပြုလုပ်ကာ ပြည်ပကို တွင်တွင်ကျယ်ကျယ်တင်ပို့ပြီး နိုင်ငံခြားဝင်ငွေတိုးစေတဲ့ အပင်ဖြစ်တာကြောင့်လည်း ဝဥတွေကို စနစ်တကျနဲ့ အများအပြား စိုက်ပျိုးထုတ်လုပ်လာကြတာဖြစ်ပါတယ်။ ချင်းပြည်နယ်ကထွက်တဲ့ ဝဥကုန်ကြမ်းနဲ့ ကုန်ချောတွေကို မန္တလေးပွဲရုံဈေးကွက်နဲ့ ဝဥစက်ရုံတွေ ကို အများဆုံးတင်ပို့ရောင်းချလျက်ရှိပါတယ်။

 

 

ဝဥအသုံးပြုနည်း

ချင်းပြည်နယ်ကထွက်တဲ့ ဝဥအမျိုးအစားက အကောင်းဆုံးဖြစ်တယ်လို့ အများကထောက်ခံထားကြပါတယ်။ ချင်းပြည်နယ်ထွက် အကောင်းဆုံးဝဥတွေကို စားသောက်ကုန်လုပ်ငန်း၊ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း၊ အလှကုန်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်း၊ စက္ကူလုပ်ငန်း၊ မျက်နှာပေါင်းတင်ဆေးများ၊ ကော်အမျိုးမျိုး ထုတ်လုပ်ရေးလုပ်ငန်း၊ ချည်ထည်လုပ်ငန်း၊ ဆေးဆိုးပန်းရိုက်လုပ်ငန်းနဲ့ ကမ်းလွန်ရေနံတူးဖော်ရေးလုပ်ငန်း စတဲ့လုပ်ငန်းတွေမှာ စက်မှုကုန်ကြမ်းသီးနှံအဖြစ် အသုံးပြုကြတဲ့အပြင် တိရစ္ဆာန်အစာအဖြစ်လည်း စိုက်ပျိုးထုတ်လုပ်ပြီး အသုံးပြုကြပါတယ်။

 

ဝဥ ပြည်ပတင်ပို့မှုအခြေအနေ

ဝဥခြောက်တွေ ပြည်ပကိုတင်ပို့ရောင်းချနိုင်ဖို့ ချင်းပြည်နယ်ရဲ့အကြီးဆုံး ဝဥ အခြောက်ခံစက်ရုံကြီးကို ၂၀၁၉ ခုနှစ်က ချင်းပြည်နယ် မင်းတပ်မြို့က ထင်းချောင်းအနီးမှာ ဖွင့်လှစ်ခဲ့ပါတယ်။ မင်းတပ်မြို့၊ မတူပီမြို့နဲ့ ကန်ပက်လက်မြို့တို့မှာ ဝဥစိုက်တောင်သူ ၈၀ဝ ကျော်ရှိပြီး အသင်းအဖွဲ့တွေလည်း ဖွဲ့စည်းထားပါတယ်။ အားသာချက်တစ်ခုအနေနဲ့ ဝဥတွေ ပြည်ပကို တင်ပို့ရောင်းချမယ်ဆိုရင် အခွန်ကင်းလွတ်ခွင့်ပြုထားပါတယ်။ ဝဥကိုရောင်းချတဲ့နေရာမှာလည်း လိုက်လံရောင်းချစရာမလိုဘဲ ဝယ်ယူသူတွေက အိမ်တိုင်ရာရောက် လာရောက်ဝယ်ယူကြတာဖြစ်လို့ မျက်နှာပန်းလှပြီး ရောင်းတမ်းဝင်တဲ့အပင်မျိုးဖြစ်ပါတယ်။

 

ချင်းပြည်နယ် မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့မှာစိုက်တဲ့ ဝဥတွေ က အရည်အသွေးပိုကောင်းတာကြောင့် ၂၀၁၈ ခုနှစ်ကစပြီး ဂျပန်နိုင်ငံက ဝယ်ယူတယ်လို့သိရပါတယ်။ ဝဥခြောက်တွေကို ဂျပန်နိုင်ငံ၊ လာအိုနိုင်ငံ နဲ့ တရုတ်နိုင်ငံတွေကို တင်ပို့ရောင်းချပါတယ်။

 

ဂျပန်ကိုတင်ပို့တဲ့ ဝဥခြောက်တွေကို နေလှန်းခြင်းနည်းနဲ့ အခြောက်ပြုလုပ်တင်ပို့ပြီး တရုတ်နိုင်ငံကိုတင်ပို့တဲ့ ဝဥခြောက်တွေကိုတော့ ဖိုတွေမှာမီးငွေ့ငွေ့နဲ့ အခြောက်ပြုလုပ်ပြီး တင်ပို့ပေးတယ်လို့ သိရပါတယ်။ နေလှန်းနည်းက အရောင်အဆင်းမလှဘဲ ဖိုတွေမှာမီးတင်ပြီး အခြောက်ပြုလုပ်တဲ့နည်းက အရောင်အသွေး ပိုမိုလှပပါ တယ်။

 

ဝဥရဲ့ ကျန်းမာရေးအကျိုးသက်ရောက်မှုများ

ဝဥမှာ ကစီဓာတ်၊ ရေဓာတ်၊ အဆီဓာတ်၊ ပရိုတင်း၊ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်၊ ဇင့်၊ ကော့ပါး၊ ဆီလီနီယမ် စတဲ့ အာဟာရဓာတ်မျိုးစုံနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတို့ ပါဝင်ပါတယ်။ ဝဥစားသုံးခြင်းကို ကျန်းမာရေးရှုထောင့်ကကြည့်မယ်ဆိုရင် ပရိုတင်းပါဝင်နေတဲ့ ဝဥက ကိုယ်ခံအား ကောင်းစေပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ဝဥမှာ အမျှင်ဓာတ် ပါဝင်မှုများတာကြောင့် အစာခြေဖျက်မှုအားကောင်းပြီး ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ အာရုံစူးစိုက်မှုကိုကောင်းစေသလို ဦးနှောက်ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဝဥမှာပါဝင်နေတဲ့ ဗီတာမင်စီကြောင့် အသားအရေကို ကြည်လင်စေသလို အရေးအကြောင်းတွေကို သက်သာစေပြီး အရွယ်တင်နုပျိုစေပါတယ်။

 

ဝဥမှာ ပေါကြွယ်ဝစွာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကိုယ်တွင်းကအဆိပ်အတောက်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်တဲ့အပြင် ကိုယ်တွင်းရောင်ရမ်းမှုကို သက်သာစေပြီး သွေးကြော တွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ မျက်စိကျန်းမာရေးကို အထောက်အကူပြုကာ သွေးတွင်းသကြားဓာတ်နဲ့ အင်ဆူလင်ကိုလျှော့ချပေးလို့ ဆီးချိုရောဂါသည်တွေ ထမင်းအစားထိုးစားသုံးနိုင်ပြီး သွေးလည်ပတ်မှု ကောင်းမွန်စေပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ကိုလက်စထရောပမာဏနဲ့ အစာခြေကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေရှိပါတယ်။ ကိုယ်တွင်းက ကိုလက်စထရော ပမာဏကိုနည်းစေလို့ နှလုံးရောဂါနဲ့ လေဖြတ်တာကို ကာကွယ်နိုင်ပါ တယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့ ဝဥက အစာအိမ်ကိုကျန်းမာစေသလို အူတွေရဲ့လှုပ်ရှားမှုကို ကောင်းမွန်စေပြီး အာဟာရစုပ်ယူနိုင်စွမ်း ကောင်းစေဖို့နဲ့ ဝမ်းမှန်စေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။

 

လက်ရှိအခြေအနေမှာ ဝဥက ဈေးကွက်ဝယ်လိုအားများနေတယ် လို့သိရပါတယ်။ တောင်သူတွေအနေနဲ့ စိုက်ဧကတွေ တိုးမြှင့်စိုက်ပျိုးပြီး အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း (MSME) တစ်ခုအနေနဲ့ ကျန်းမာရေး အကျိုးကျေးဇူးများစွာရရှိစေတဲ့ တန်ဖိုးမြှင့်ထုတ်ကုန်အမျိုးမျိုးထုတ်လုပ်ကာ ပြည်တွင်း၊ ပြည်ပသို့ တင်ပို့ ဖြန့်ဖြူးရောင်းချပါက အလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လန်းကာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။