ဝါဝါဖူး(Ph.D)၊ မွေး/သု(မန်း)
ငါး၊ ပုစွန်မွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုအဟန့်အတားများ
ငါး၊ ပုစွန်ရောဂါများ ကင်းရှင်းစေရန် ကြိုတင်ကာကွယ်ခြင်းသည် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်း၌ အရေးကြီးသော အချက်တစ်ခုဖြစ်သည်။ ကူးစက်ရောဂါများသည် ငါး၊ ပုစွန်များ၏ ကျန်းမာရေးကို ထိခိုက်စေပြီး ထုတ်လုပ်မှုနှင့် စီးပွားရေးအတွက် ဆိုးကျိုးများစွာဖြစ်စေပါသည်။ ရာသီဥတုပြောင်းလဲမှု၏ ရေရှည်အကျိုးဆက်များဖြစ်သော မိုးရွာသွန်းနှုန်းနည်းပါးလာခြင်း၊ ပင်လယ်ရေမျက်နှာပြင် အပူချိန်မြင့်မားလာခြင်း စသည့် အကြောင်းအချက်များသည် ရေလုပ်ငန်းဆိုင်ရာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအပေါ်၌ သက်ရောက်မှုရှိစေပါသည်။ မြင့်မားသောရေအပူချိန်သည် ငါး၊ ပုစွန်များ၏ ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်ပြီး ခန္ဓာကိုယ်ပေါ်တွင်ရှိသော ရောဂါပိုးမွှားများကို ခံနိုင်ရည်ရှိစေပါသည်။ ထိုအချက်ကြောင့် ရာသီဥတု ပြောင်းလဲမှုသည် ငါး၊ ပုစွန် ရောဂါများဖြစ်ပွားမှုနှင့် ပြင်းထန်မှုကို တိုးမြင့်လာစေနိုင်ပါသည်။
ငါး၊ ပုစွန်ရောဂါဖြစ်ပွားရသည့်အကြောင်းအရင်း
ရောဂါကြိုတင်ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း၏ အခြေခံအချက်များဖြစ်သော ရောဂါကူးစက်ပျံ့နှံ့စေသော ကွင်းဆက်အားပြတ်တောက် ပျက်စီးအောင်ပြုလုပ်ခြင်းပင်ဖြစ်ပါသည်။
ကပ်ပါးပိုးများနှင့် ရောဂါပိုးများပျံ့နှံ့မှုသည် အပူချိန်ပြောင်းလဲမှကြောင့် တိုက်ရိုက်သက်ရောက်မှုရှိသော်လည်း သွယ်ဝိုက်သောနည်းအားဖြင့် လက်ခံကောင်နှင့် လက်ခံကောင်မှတစ်ဆင့် ပြန်လည်ကူးစက်၍လည်း သက်ရောက်မှုရှိနိုင်ပါသည်။ ဖြစ်ပွားသောရောဂါများသည် ပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာ အဖြစ်အပျက်များနှင့် ဆက်စပ်နေပါသည်။ အပူချိန်တိုးလာသည်နှင့်အမျှ ငါးကပ်ပါးပိုးများနှင့် ရောဂါ ပိုးမွှားများ၏ ကူးစက်နှုန်းသည်လည်း တိုးလာမည်ဖြစ်ပါသည်။ ငါးမျိုးစိတ်တစ်ခုချင်းစီ၏ ခံနိုင်ရည် စွမ်းအားသည် ပုံမှန်နွေရာသီအပူချိန် (၂၈°C) တွင် အကောင်းဆုံးဖြစ်ပါသည်။ ရေ၏အပူချိန်သည် အကောင်းဆုံး အခြေအနေ (၂၈°C) ၏ အထက် (သို့မဟုတ်) အောက်တွင်ရှိပါက ဇီဝကမ္မဆိုင်ရာဖိစီးမှု ဖြစ်စေနိုင်ပြီး ရောဂါကူးစက်နိုင်ခြေနှင့် သေဆုံးနိုင်ခြေကို တိုးမြင့်စေနိုင်ပါသည်။
အပူချိန်ပြောင်းလဲခြင်းသည် ငါးများ၏ ခုခံအားကျဆင်းခြင်း၊ ကပ်ပါးကောင်များနှင့် ရောဂါပိုးမွှားများ ဖြစ်ပွားမှုတိုးလာခြင်းတို့နှင့်အတူ ခုခံစွမ်းအား၏ တုံ့ပြန်မှုပြောင်းလဲခြင်းဖြင့် ရောဂါဖြစ်ပွားနိုင်ခြေတိုးလာပြီး ငါး၊ ပုစွန်များအပေါ်တွင် အကျိုးသက်ရောက်စေမည်ဖြစ်ပါသည်။ ထို့အပြင် ဖြစ်ပွားတတ်သော ရောဂါအများစုမှာ ရေအရည်အသွေးညံ့ဖျင်းခြင်း၊ ရေပူလွန်း အေးလွန်းချိန်များ၌ ငါးများတွင် အထိအမိများမှုကြောင့် စိတ်ဖိစီးမှုများခြင်း၊ ပြင်ပမှ ဝယ်ယူ/သယ်ဆောင်လာသော ငါးများကို ငါးများထည့်သွင်းရမည့်နှုန်းထက် များပြားခြင်း၊ ရောဂါဖြစ်ပွားသောငါးများကို သီးသန့်ခွဲထားမှုမရှိခြင်း၊ နဂိုရှိရင်း စွဲရောဂါပိုး၊ လက်ခံကောင် စသည့်အချက်များကြောင့် ရောဂါကူးစက်နှုန်း များပြားစေနိုင်ပါသည်။ ထိုသို့သော အခြေအနေမျိုး၌ မိမိတို့ မွေးမြူထားသော ငါး၊ ပုစွန်များမှာ ကိုယ်ခံအားကျဆင်းနေပါက အလွယ်တကူ ကူးစက်နိုင်ပြီးသေသည်အထိ ဖြစ်ပေါ်စေနိုင်ပါသည်။
ထို့ကြောင့် ပတ်ဝန်းကျင်ကို သင့်လျော်သော ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်လျှင် ငါး၊ ပုစွန် ရောဂါများ ကျရောက်မှုမှ လျော့နည်းစေနိုင်မည်ဖြစ်ပါသည်။ မွေးမြူရေးကန်များ၌ ငါး၊ ပုစွန်ရောဂါ ဖြစ်ပွားမှုမရှိရန် ကြိုတင်ကာကွယ်ရမည်ဆိုပါလျှင် -
(၁) အရည်အသွေးကောင်းသောရေသည် အကျိုးပြုဗက်တီးရီးယားများပေါက်ပွားရန် အားပေးပြီး ရောဂါပိုးများ နည်းပါးသွားခြင်းကြောင့် ရေအရည်အသွေးကောင်းမွန်အောင် ပြုပြင်ပေးခြင်း။
(၂) မွေးမြူထားသော မျိုးစိတ်အလိုက် ကိုယ်ခံအားမြင့်မားစေရန်အတွက် အာဟာရပြည့်မီသော အစာကျွေးခြင်း။
(၃) ရာသီဥတုအလိုက် ရေအရည်အသွေးပြောင်းလဲမှု မရှိစေရေး ပုံမှန်စစ်ဆေးခြင်း။
(၄) မွေးမြူရေးကန်များ၌ ရောဂါများကျရောက်မှု ရှိ/မရှိ ပုံမှန် စစ်ဆေးခြင်း။
(၅) ငါး၊ ပုစွန်များသေဆုံးမှုရှိလျှင် ငါး၊ ပုစွန်မွေးမြူရေး ကျွမ်းကျင်ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးခြင်း။
ရောဂါပိုးများတွေ့ရှိနိုင်သည့် ငါးမျိုးစိတ်များ
ကန်အောက်ခြေမြေပြင်၌ နေထိုင်ပြီး အကြေးခွံမရှိသောငါးများဖြစ်သည့် ငါးကျည်း၊ ငါးခူ၊ ငါးရှဉ့် အစရှိသည့်ငါးများမှာ ပို၍ရောဂါအဖြစ်များပြီး ငါးရံ့၊ ငါးပြေမများသည် ဒုတိယအဖြစ်များကာ အကြေးခွံရှိသော ငါးကြင်း၊ ငါးသိုင်း၊ ငါးမြစ်ချင်း၊ တီလားပီးယား၊ ငါးခုံးမ အစရှိသည့် ငါးများသည် တတိယအဖြစ်များဆုံး ဖြစ်ပါသည်။
ဆောင်းရာသီဝင်ရောက်ချိန်နှင့် နွေရာသီကူးပြောင်းချိန်တို့၌ ရောဂါဖြစ်ပွားနိုင်ပြီး ကန်ရေအရည်အသွေး ညံ့ဖျင်းမည်ဆိုပါက ရာသီမရွေးဖြစ်ပွားနိုင်ပါသည်။ ငါးများ၌ ရောဂါစတင်ဖြစ်ပွားလာပြီဆိုပါလျှင် ရေပေါ်တွင်ပေါ်လာခြင်း၊ ကူးခတ်ပုံနှေးကွေးလာခြင်း၊ အစားအစာ ကောင်းစွာမစားခြင်း၊ ရေပေါ်လွှာနှင့် ရေအောက်လွှာတွင် နေထိုင်ကျက်စားသော အကြေးခွံရှိသည့် ငါးမြစ်ချင်း၊ ငါးကြင်း၊ တီလားပီးယား ငါးများသည် ရေမျက်နှာပြင်အောက် တစ်ပေခန့်မှာ မကူးခတ်ဘဲတန့်နေခြင်း၊ ငါး၏ ခန္ဓာကိုယ်ပေါ်တွင် အနီကွက်များ ဖြစ်ပေါ်ခြင်း၊ မီးလောင်ထားသကဲ့သို့ ဖြစ်နေခြင်းနှင့် ပါးဟက်များမဲနေခြင်းစသည့် လက္ခဏာများ ဖြစ်ပေါ်လာပါက သတိပြုရမည်ဖြစ်ပါသည်။
ငါး၊ ပုစွန်ရောဂါအမျိုးအစားများကို ထပ်မံခွဲခြားရလျှင် မကူးစက်တတ်သော ရောဂါများ (Non-infectious disease)နှင့် ကူးစက်တတ်သော ရောဂါများ (Infectious disease) ဟူ၍ (၂)မျိုးရှိရာ၌ မကူးစက်တတ်သော ရောဂါများမှာ ပတ်ဝန်းကျင်အခြေအနေကြောင့်ဖြစ်သည့် ရောဂါ (Direct environment effect) နှင့် အစာအာဟာရကြောင့်ဖြစ်ပွားသည့်ရောဂါ (Nutritional disease) ဟူ၍ လည်းကောင်း၊ ကူးစက်တတ်သော ရောဂါများ၌ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသော ရောဂါများ (Viral disease)၊ ဗက်တီးရီးယားကြောင့်ဖြစ်သော ရောဂါများ(Bacterial disease)၊ မှိုကြောင့်ဖြစ်သောရောဂါများ (Fungal disease)နှင့် ကပ်ပါးပိုးကြောင့် ဖြစ်ပွားသောရောဂါများ(Parasitic disease) ဟူ၍ ဖြစ်ပါသည်။
မကူးစက်တတ်သော ရောဂါများ (Non-infectious disease)
ပတ်ဝန်းကျင်အခြေအနေကြောင့် ဖြစ်သည့်ရောဂါ (Direct environment effects) ရောဂါဖြစ်ပွားရသည့် ပတ်ဝန်းကျင်အခြေအနေများမှာ အောက်ပါ အတိုင်းဖြစ်ပါသည်
ရေအပူချိန်- ရေနေသတ္တဝါများသည် ရေအပူချိန်ကျဆင်းခြင်းကို ခံနိုင်ရည်ရှိသော်လည်း အပူချိန်မြင့်မားပါက ရောဂါပိုမို ဖြစ်စေနိုင်ပြီး ရေအပူချိန်လျင်မြန်စွာ ပြောင်းလဲပါက ဖိစီးမှုဒဏ်ပိုမိုဖြစ်စေနိုင်ခြင်း။
အောက်ဆီဂျင်နှင့်ကာဗွန်ဒိုင်အောက်ဆိုက်- ငါးငယ်များသည် ငါးကြီးများထက် အောက်ဆီဂျင် ပိုမိုလိုအပ်ပါသဖြင့် အောက်ဆီဂျင် မလုံလောက်ပါက ပါးဟက်များတွင် ကပ်ပါးပိုးမွှားများ စုနေတတ်ပြီးနောက် ပါးဟက်မျှင်များပျက်စီးခြင်းကို ဖြစ်စေနိုင်ခြင်း။
အမိုးနီးယား- ရေတွင် အမိုးနီးယားမြင့်တက်ပါလျှင် ချဉ်ဖန်နှုန်းကို ပြောင်းလဲစေနိုင်ပြီး ငါးများ၏ ပါးဟက်နှင့် အခြားသော အင်္ဂါများကို ပျက်စီးစေနိုင်ခြင်း။
နိုက်ထရိတ်နှင့်နိုက်ထရိုက်- နိုက်ထရိတ်သည် ငါးများကို အဆိပ်အတောက် မဖြစ်စေနိုင်သော်လည်း နိုက်ထရိုက်မှာ အဆိပ်အတောက်ဖြစ်စေနိုင်ကာ Methemoglobin ဓာတ်ကို ထုတ်ယူပြီး သွေးရောဂါဖြစ်စေနိုင်ခြင်း။
ကာဗွန်ဒိုင်အောက်ဆိုက်- ငါးများ၏သွေးထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက် မြင့်မားနေပါက အောက်ဆီဂျင်ကို ဟန့်တားမှုဖြစ်စေနိုင်သကဲ့သို့ ကျောက်ကပ်ကို ပျက်စီးစေနိုင်ခြင်း။
ကလိုရင်း- ရေထဲတွင် ကလိုရင်းများနေပါက သို့မဟုတ် ပျော်ဝင်မှုအားကောင်းခြင်း မရှိပါက ငါးများ၏ ပါးဟက်ကို ထိခိုက်စေနိုင်ခြင်း (ရေ ၁ လီတာတွင် ဆိုဒီယမ်သိုင်အို ဆာလဖိတ် ၁ ဂရမ်နှုန်းဖြင့် ကလိုရင်းပျယ်စေရန် ဆောင်ရွက်နိုင်ပါသည်။)
အစာအာဟာရကြောင့် ဖြစ်ပွားသည့်ရောဂါ (Nutritional disease)
အစာငတ်မွတ်ခြင်း- သင့်လျော်သော အစာအာဟာရနှင့် အရည်အသွေးပြည့်ဝမှုမရှိခြင်း။
အာဟာရလျော့နည်းခြင်း- ထည့်သွင်းဖော်စပ်ထားသော အာဟာရတန်ဖိုးများ လျော့နည်းခြင်းကြောင့် ခေါင်းကြီးကိုယ်သေးခြင်း၊ အရိုးပုံပျက်ခြင်း၊ ကြီးထွားမှုနှေးကွေးခြင်းတို့ ဖြစ်စေနိုင်ပါသဖြင့် အစာကျွေးသည့်အခါ (သို့မဟုတ်) ဖော်စပ်စာများပြုလုပ်ချိန်တွင် မွေးမြူမည့် ငါးမျိုးစိတ်အလိုက် အာဟာရလိုအပ်ချက် ထည့်သွင်း၍ ကျွေးခြင်း၊ မွေးမြူကန်ရေနောက်ကျိမှုမရှိစေရန်အတွက် လိုအပ်သော ကန်ပြုပြင်စီမံဆောင်ရွက်ခြင်းနှင့် ရေအရည်အသွေး ပုံမှန်စစ်ဆေးရန် လိုအပ်ခြင်း။
ငါး၊ ပုစွန်မွေးမြူမှု ဖွံ့ဖြိုးတိုးတက်မှုနှင့် ရောဂါကြိုတင်ကာကွယ်မှု
ငါး၊ ပုစွန်ရောဂါသည် ဖြစ်ပွားမှကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းသည် ပိုမိုထိရောက်ပြီး အကျိုးရှိစေပါသည်။ ပိုမိုကောင်းမွန်သော စီမံခန့်ခွဲမှုအလေ့အကျင့်များ (Better Management Practices-BMP)ကို အကောင်အထည်ဖော်ခြင်းသည် ငါး/ပုစွန်များ ရောဂါမကြာခဏဖြစ်ပွားမှုနှင့် ထုတ်လုပ်မှု ဆုံးရှုံးမှုများကိုကာကွယ်ရန် အရေးကြီးဆုံးဖြစ်ပါသည်။ နေအပူချိန် မြင့်မားလွန်ကဲမှုကြောင့် ငါးမွေးမြူရေး ကန်များရှိ ကန်ရေများရေငွေ့ပြန်ပြီး ရေလျော့နည်းကျဆင်းလာသဖြင့် ကန်ထဲရှိငါးများ၏ စွန့်ပစ် အညစ်အကြေးကြောင့်သော်လည်းကောင်း၊ မွေးမြူထားသောငါးများကို အစာလွန်ကဲသဖြင့် စားကြွင်းစားကျန်များကြောင့်သော်လည်းကောင်း ရေထုညစ်ညမ်းပြီး ဆက်စပ်၍ ငါးရောဂါများ ကျရောက်တတ်ပါသဖြင့် ဩဇာဓာတ်ထည့်သွင်းခြင်းနှင့် ငါးအစာများ အလွန်အကျွံ ကျွေးခြင်းများကို လျှော့ချရန် လိုအပ်ပါသည်။
ထို့အတူ ရာသီဥတုအပြောင်းအလဲများကြောင့် နံနက်ပိုင်း မိုးအုံ့သောရက်များ၊ နှင်းကျသောရက်များနှင့် နေထွက်နောက်ကျသော ရက်များတွင် ငါးများခေါင်းထောင်လျက်ကူးခတ်ခြင်း၊ ကမ်းစပ်သို့ စုပြုံလာခြင်းမျိုး ဖြစ်ပါက ကန်အတွင်းသို့ ရေသွင်းခြင်း၊ ရေပန်းချပေးခြင်း၊ ရေဒလက်များမောင်းပေးခြင်း၊ လှေလှော်ပေးခြင်း စသည့် နည်းလမ်းများဖြင့် ရေတွင်ပျော်ဝင်အောက်ဆီဂျင် (D.O) မြင့်တက်စေရေး ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ ငါးမွေးမြူရေးကန်များရှိ ရေများအပူချိန်ကြောင့် ရေခန်းခြောက်လာမည်ဆိုပါက သန့်ရှင်းသော ရေသစ်များပြန်လည်ဖြည့်သွင်းပေးရန်၊ ရေအသစ်လဲလှယ်နိုင်ရန် ရေကောင်းရေသန့် သိုလှောင်ကန် ထည့်ထားသည့် အရန်ကန်စီစဉ်ထားရှိရန်၊ ရေသစ်သွင်းရန် အခက်အခဲရှိပါက မွေးမြူထားသောငါးများအား အရေအတွက် လျှော့ချပေးရန်၊ ရေအပူချိန်မြင့်မားသောအချိန်များတွင် ရေထုညစ်ညမ်းမှုကိုဖြစ်စေသည့် ကဇော်ဖတ်၊ ဝါစေ့ကြိတ်ဖတ်များ ကျွေးခြင်းကို ရှောင်ကြဉ်၍ ပုံမှန်အစာများကိုသာကျွေးရန်နှင့် အစာ ကျန် ရှိ/မရှိ ပုံမှန်စစ်ဆေးရန်၊ ကန်အခြေအနေနှင့် ကန်ရေအရည်အသွေး ပြောင်းလဲမှုအခြေအနေများကို နေ့စဉ် နံနက် ၆ နာရီမှ ၇ နာရီ၌ ပုံမှန်စစ်ဆေးပေးရန် စသည့်အချက်များကို လိုက်နာဆောင်ရွက်ပေးမည် ဆိုပါလျှင် မိမိတို့ မွေးမြူထားသောငါးများမှာ ကြီးထွားနှုန်းကောင်းမွန်ပြီး အထွက်နှုန်းတိုးတက်မည်မှာ မလွဲဧကန်ဖြစ်ပါကြောင်း ရာသီဥတုပြောင်းလဲမှုသည် ငါး၊ ပုစွန်ရောဂါအပေါ်တွင် သက်ရောက်မှုနှင့် ပတ်သက်သည့် အချက်အလက်များကို ပြန်လည်၍ မျှဝေရေးသား တင်ပြလိုက်ရပါသည်။ ။
မှီငြမ်းကိုးကားချက်များ
- Filiz OZCAN & Neval Berrin ARSERiM (2022). Fungal disease in fish, Black Sea Journal of Agriculture, Volume 5 - Issue 1: 48-52.
- Kawaljeet Kaur, Sagar Reddy, Pramod Barathe, Uttara Oak, Varsha Shriram, Sanjay S. Kharat, M. Govarthanan, Vinay Kumar (2022) Microplastic-associated pathogens and antimicrobial resistance in environment, Chemosphere. Volume 291, Part 2.
- T. Suguna (2021) Infectious Fish Disease Occurrence in Carp Culture Ponds of West Godavari District, Andhra Pradesh, India, International Journal of Current Microbiology and Applied Science. Volume 10 Issue 11: 376-386.
- War War Phoo (2002) Disease and infection of some fishes and prawns of Dagon University campus, Master thesis.
- ရောဂါရှာဖွေရေးဌာနစု၊ ငါးလုပ်ငန်းဦးစီးဌာန၊ ရန်ကုန်မြို့။