နေပြည်တော် ဇန်နဝါရီ ၇
တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၏ နှစ်(၂၀)ပြည့် အထိမ်းအမှတ်အခမ်းအနားနှင့် သုတေသန စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်ပညာရှင်များ၊ သုတေသနစာတမ်းရှင်များနှင့် စီမံကိန်းဧရိယာမှ ဒေသခံများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း၏ အဓိကရည်ရွယ်သည့် ဇီဝမျိုးစုံ မျိုးကွဲများ ကာကွယ်ထိန်းသိမ်းရေးနှင့် ဒေသခံများ၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေ ရေးဖြစ်ကြောင်း၊ စီမံကိန်းကာလနှစ်(၂၀)အတွင်း ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ သုတေသနစာတမ်း ၃၅ စောင် ဆောင်ရွက်နိုင်ခဲ့ပြီး ဒေသခံပြည်သူများကိုလည်း အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း၊ တနင်္သာရီသဘာဝကြိုးဝိုင်းသည် တောရိုင်းတိရစ္ဆာန်များ မှီတင်းနေထိုင်ရာ နေရင်းဒေသတစ်ခုဖြစ်ရုံသာမက ဇီဝမျိုးစုံမျိုးကွဲထိန်း သိမ်းရေးနှင့် ဒေသခံပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးရေးကို ယှဉ်တွဲအကောင်အထည်ဖော်နိုင်ကြောင်း ပြသနေသည့် ပြယုဂ်တစ်ခုလည်းဖြစ်သည့် အတွက် ရေရှည်တည်တံ့အောင် ဆက်လက်ထိန်းသိမ်း စောင့်ရှောက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း အထိမ်းအမှတ် ဂုဏ်ပြု လက်ဆောင်နှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးက တနင်္သာရီ သဘာဝ ကြိုးဝိုင်းစီမံကိန်း၏ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး တနင်္သာရီသဘာဝ ကြိုးဝိုင်းစီမံကိန်း၏ နှစ် (၂၀) ပြည့် အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုကို ပြသကာ တေးသရုပ်ဖော်အကတို့ဖြင့် ဖျော်ဖြေတင်ဆက်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ခင်းကျင်းပြသထားသည့် စီမံကိန်းကာလအတွင်း ဆောင်ရွက်ခဲ့ သော လုပ်ငန်းများဆိုင်ရာပိုစတာများနှင့် သုတေသနစာတမ်းဆိုင်ရာပိုစတာများကို လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
အခမ်းအနားအပြီးတွင် တနင်္သာရီသဘာဝကြိုးဝိုင်း၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်တွင် ဆောင်ရွက်ရမည့် အခွင့်အလမ်းကောင်းများဖော်ထုတ်ခြင်းဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲနှင့် စကားဝိုင်း ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ သုတေသနစာတမ်းရှင်များက ကဏ္ဍအလိုက် စာတမ်းများဖတ်ကြားခဲ့ပြီး တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


