နေပြည်တော် ဇန်နဝါရီ ၇
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံပိုင်လုပ်ငန်း(SOE) စွမ်းဆောင်ရည်ဆုရရှိသည့် လုပ်ငန်း နှင့် ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူများအား ဂုဏ်ပြုသည့်အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ စက်မှုဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများ၊ ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင် တံဆိပ်ရရှိသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် နိုင်ငံတော်မှ စက်မှု ဝန်ကြီးဌာနရှိ ဝန်ထမ်းများအနက် ဝန်ထမ်း(၅၅)ဦးကိုလည်ကောင်း၊ ယခုနှစ်တွင် ဝန်ထမ်း(၁၀)ဦးကိုလည်း ကောင်း စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခဲ့ကြောင်း၊ ဝန်ထမ်းများအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ၊ နည်းပညာစွမ်းဆောင်ရည်ဆုများ ချီးမြှင့်ပေးအပ်နိုင်ရေးအတွက် ဦးစီးဌာန၊ စက်မှုလုပ်ငန်းအသီးသီးမှ စိစစ်ထောက်ခံပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ဝန်ထမ်းများအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ပေးအပ်သကဲ့သို့ စက်မှုဝန်ကြီးဌာနအနေဖြင့်လည်း တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနက် သတ်မှတ်ချက် များနှင့်ကိုက်ညီသည့် ဝန်ထမ်းများကို နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်၍ တစ်ဆင့်မြင့်ရာထူးနေရာများသို့ အသီးသီးတိုးမြှင့် ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာန၏ ရည်မှန်းချက်ပန်းတိုင်များ အောင်မြင်စေရေးအတွက် ဦးစီးဌာန၊ လုပ်ငန်းများအနေဖြင့် တက်ညီလက်ညီ ကြိုးပမ်း ဆောင်ရွက်ပေးကြရန် ဝန်ထမ်းတစ်ဦးချင်းစီ၏ အရည်အသွေးများ တိုးတက်မြင့်မားလာစေရေး အတွက် တာဝန်ရှိသူများက လေ့ကျင့်ပျိုးထောင်ပေးကြရန်နှင့် ဝန်ထမ်းများ၏ စုပေါင်းကြိုးစားမှုဖြင့် နိုင်ငံတော်အတွက်အကျိုးရှိသည့် ဆန်းသစ်တီထွင်မှုများ ပေါ်ထွက်လာအောင်ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ ရေရှည်ရပ်တည် လည်ပတ်နိုင်ရေးအတွက် နိုင်ငံပိုင်လုပ်ငန်း စွမ်းဆောင်ရေးဆု ရွေးချယ်နိုင်ရေးအတွက် သတ်မှတ်စိစစ်ဆောင်ရွက်ခဲ့မှု အခြေအနေ များကို ရှင်းလင်းပြောကြားပြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိုင်ငံတော်မှချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်ခံရသည့် ဝန်ထမ်းများကိုယ်စား ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ တက်ရောက်လာကြသည့် ဧည့်သည်တော်များ၊ ဂုဏ်ထူးဆောင် တံဆိပ်၊ ဂုဏ်ထူးဆောင် ဘွဲ့ရရှိသူများအား နံနက်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


