ရန်ကုန် ဇန်နဝါရီ ၇
ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းထားကြသော ငွေကျပ် တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က အကြိမ်(၅၉၀)ကြိမ်မြောက် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွှဲ ၁ နာရီတွင် ရွှေတဂုံစေတီတော်ရင်ပြင် တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် များတန်ဆောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် အလှူရှင်များက အလှူတော်ငွေများပေးအပ်လှူဒါန်းကြရာ အလှည့်ကျသဘာပတိ ဦးမျိုးအောင်ဌေးနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၀င်များက လက်ခံရယူပြီး ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ အဂ္ဂ မဟာဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒွိပိဋကဓရ ဝိနယ+ဒီဃနိကာယ ပါဠိပါရဂူ ရွှေပြည်သာ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တနာဂိတထံမှ တက်ရောက်လာကြသူများက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ရေစက်ချအနုမောဒနာ တရားနာယူကြသည်။
ယနေ့ကျင်းပသော အလှူငွေပေးအပ်ပွဲလှူဒါန်းပွဲတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှ နိုဝင်ဘာ ၂၀ အထိ ရွှေသင်္ကန်းတော် ရွှေပြားအလှူရှင် (၁၆၀)က ၆ ကျပ်သား ရွှေပြား ၉ ချပ်နှင့် တစ်ကျပ်သား ရွှေပြား ၂၃၆ ချပ် စုစုပေါင်းရွှေစင်ရွှေပြားအချပ် ၂၄၅ ချပ်လှူဒါန်းခဲ့ပြီး ငွေသားအလှူရှင် (၁၃၈)ဦး အပါအ၀င် လှူဒါန်းငွေစုစုပေါင်း ကျပ်၂၅၅၂၃၁၂၀၁၉ (ကျပ်သိန်းပေါင်းနှစ်သောင်း ငါးထောင်ငါးရာ နှစ်ဆယ့် သုံးသိန်း တစ်သောင်း နှစ်ထောင်တစ်ဆယ့်ကိုးတိတိ) ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


