နေပြည်တော် ဇန်နဝါရီ ၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံသံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Dr. Nassereddin HEIDARI သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။
ထို့နောက် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံ ရေးဆိုင်ရာကိစ္စရပ်များ၊ အပြန်အလှန် ကုန်သွယ်မှုများ မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ သိပ္ပံနည်းပညာကဏ္ဍ၊ စိုက်ပျိုးရေး ကဏ္ဍနှင့် ကာကွယ်ရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်သည့် အခြေအနေများ၊ ယဉ်ကျေးမှုများ အပြန်အလှန် ဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက် ကောင်းမွန်အောင် မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက် ပြောင်းလဲမှု အခြေအနေများ၊ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး အတတ်နိုင်ဆုံး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိမှု၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေး တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး လိုအပ်မှုနှင့် ရွေးကောက်ပွဲကျင်းပချိန်တွင် နိုင်ငံတကာမှ လေ့လာရေးအဖွဲ့များ ဖိတ်ခေါ်သွားမည့် အခြေအနေများနှင့် စပ်လျဉ်းပြီး ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အီရန် အစ္စ လာမ်မစ် သမ္မတနိုင်ငံ သံအမတ် ကြီးတို့သည် စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်ကြသည်။
အဆိုပါ သံအမတ်ခန့်အပ်လွှာ ပေးအပ်ပွဲသို့ ကောင်စီတွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


