နေပြည်တော် ဇန်နဝါရီ ၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် သည် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက တပ်ကုန်းမြို့နယ် ရေဝေချောင်း (ပိတောက်ချောင်း)နှင့် ကျောက်ဆည်ချောင်း (ငါးရံ့ချောင်း)တို့အပေါ်၌ တည်ဆောက်ထားသော ကင်းသာရေထိန်းတမံတွင် ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ပျက်စီးခဲ့မှုအပေါ် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစဉ် တာဝန်ရှိသူများက တမံရေဝင်ချောင်း တစ်ခုဖြစ်သည့် ပိတောက်ချောင်းမှ အခြားရေဝင်ချောင်းတစ်ခုဖြစ်သည့် ငါးရံ့ချောင်းအတွင်းသို့ ရေလွှဲမြောင်း ဖောက်လုပ် နေမှု၊ တမံ၏ မူလရေလှောင်ပမာဏ ပြန်လည်ပြည့်မီ သိုလှောင်နိုင်ရေးအတွက် ရေဝပ် ဧရိယာ အတွင်းမှ သဲနုန်းများတူးဖော် ဖယ်ရှားနေမှု၊ ရေထုတ်ပြွန်နှင့်တမံ ပိုမိုခိုင်ခံ့စေရန် ကွန်ကရစ် လောင်းနေမှုနှင့် သတ်မှတ်ထားသည့် ရေလမ်းကြောင်းနေရာ တူးဖော်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယဝန်ကြီးက နောင်ရေကြီးရေလျှံမှုဖြစ်စဉ်များ ဖြစ်ပွားပါက တမံဘေး ကင်းလုံခြုံပြီး ရေရှည် ကြံ့ခိုင်စေရေးအတွက် စံချိန်စံညွှန်း အရည်အသွေး ပြည့်မီအောင် ဆောင် ရွက်ရန်နှင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်၊ ဆည်ရေသောက် ဧရိယာအတွင်းရှိ လယ်မြေ များ စိုက်ပျိုးရေအခက်အခဲမရှိ ပေးဝေနိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်ပေးရန် ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


