နေပြည်တော် ဇန်နဝါရီ ၈
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ (၁/၂၀၂၅) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးသို့ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယ ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသ ကြီး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများက Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲနှင့်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် တက်ရောက်လာကြသည့် ဆပ်ကော်မတီဥက္ကဋ္ဌ များနှင့် ကိုယ်စားလှယ်များ၏ အဆိုပြုတင်ပြလာမှုကို အတည်ပြုပြီးပါက ဖွဲ့စည်းပြီး လုပ်ငန်း တာဝန်အလိုက် စတင်ဆောင်ရွက်ကြရန် လိုကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များကလည်း ဒေသတွင်း MSME များ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်မြှင့်တင်နိုင်ရန်၊ ပြည်ပသို့ ဈေးကွက်ချဲ့ထွင်နိုင်ရန်အတွက် ဒေသထွက်ကုန်များကို ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲတွင် လာရောက်ယှဉ်ပြိုင်ပြသရောင်းချခြင်းသည် အကျိုးရှိမည် ဟုယုံကြည်ကြောင်း၊ ယခုဆွေးနွေးပွဲတွင် ကျင်းပရေးဦးစီးကော်မတီ၏ အတည်ပြုဆုံးဖြတ် ရန်ကိစ္စရပ်များကို ဆွေးနွေးအတည်ပြုမည် ဖြစ်သောကြောင့် တင်ပြလိုသည်များကို ပွင့်ပွင့် လင်းလင်းနှင့် လိုအပ်သည်များကို ဝိုင်းဝန်းအကြံပြုပေးရန် ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြသည်။
ယင်းနောက် ဒုတိယဝန်ကြီးများ၊ ဆပ်ကော်မတီဥက္ကဋ္ဌများ၊ တိုင်းဒေသကြီး၊ ပြည်နယ် MSMEအေဂျင်စီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ဆပ်ကော်မတီများဖွဲ့စည်းမှု၊ ဆပ်ကော်မတီ အလိုက် အဆိုပြုဖွဲ့စည်းမိန့်နှင့် ဆောင်ရွက်မည့်လုပ်ငန်းတာဝန်များ၊ ပြခန်းများနေရာချထား မှုနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ပြခန်း များနှင့် ရိုးရာအစားအသောက်ခန်းများ ပါဝင်ပြသရောင်းချမည့်အခြေအနေများကို ဆွေးနွေး တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


