နေပြည်တော် ဇန်နဝါရီ ၈

အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ (၁/၂၀၂၅) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပရာ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက် သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့    ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊  ဗဟိုကော်မတီ အကြံပေးပုဂ္ဂိုလ်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ ခရီးသွားလုပ်ငန်းဆိုင်ရာ တတ်သိပညာရှင်များ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီး ချုပ်များနှင့် စီးပွားရေးရာဝန်ကြီးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်   ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး က ယနေ့အစည်းအဝေးကို (၁/၂၀၂၄) ကြိမ်မြောက် ဗဟိုကော်မတီအစည်းအဝေးမှ ထွက်ပေါ်လာသည့် ဆွေးနွေးတင်ပြချက်များ၊ ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု အခြေအနေများကို သိရှိသုံးသပ်နိုင်ရန်နှင့်  ခရီးသွားရာသီကာလတွင် နိုင်ငံတကာ ခရီးသွားဧည့်သည်များ ပိုမိုရောက်ရှိရေး၊ ဝန်ကြီးဌာနနှင့်အတူ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရများမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အရှိန်မြင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးအဖြေရှာရန် ကျင်းပခြင်းဖြစ်ကြောင်း။

ကမ္ဘာ့ဒေသအသီးသီးတွင် ခရီးသွားဧည့်သည်များ ပိုမိုရောက်ရှိလာစေရန်အတွက် ခရီးသွားလုပ်ငန်းကဏ္ဍ စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့မှု၊ visa ဖြေလျှော့မှု၊ လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းမှု၊ ဈေးကွက်မြှင့်တင်ရေး ပိုမိုလုပ်ဆောင်မှု၊ ခရီးစဉ်ဒေသများတွင် ခရီးသွားထုတ်ကုန်များ ဖော်ထုတ်မှု၊ events များ လက်ခံကျင်းပမှု စသည့် အစီအစဉ်များ ချမှတ်ဆောင်ရွက်လာကြသည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံ၏စီးပွားရေးကို အထောက်အကူပြုစေမည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းခရီးသွားများ လွယ်ကူချောမွေ့စွာ ခရီးသွားလာနိုင်ရေးနှင့် ပြည်ပခရီးသည်များ ပိုမိုလာရောက်ရေးတို့ကို  အခြားနိုင်ငံများနည်းတူ အလေးထားဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်ပြီး မိမိတို့၏ ဒေသထွက်ကုန်ပစ္စည်းများ၊ စားသောက်ကုန်များ၊ အမှတ်တရလက်ဆောင် ပစ္စည်းများကို တွင်တွင်ကျယ်ကျယ် အသုံးပြုပြီး ထိုမှတစ်ဆင့် ကုန်ချောပစ္စည်းများ ပိုမိုထုတ်လုပ် နိုင်ရေး၊ လိုအပ်သည့်နည်းစနစ်များ၊ ဗဟုသုတများနှင့် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲ၊ ပြပွဲပြိုင်ပွဲများအား သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။
 
သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများအနေဖြင့် ခရီးသွားလုပ်ငန်းကော်မတီ၏ လမ်းညွှန်မှုနှင့် ခရီးစဉ်ဒေသများ ရေရှည်ဖွံ့ဖြိုးရေး၊ သန့်ရှင်းသာယာလှပရေး၊ ဒေသထွက်အစားအသောက်များ၊ တိုင်းရင်းသားရိုးရာ အစားအစာများ၊ ကျန်းမာရေးနှင့်ညီညွတ်မှုရှိပြီး အဆင့်မီစွာဖြင့် ဝန်ဆောင်မှုပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ဒေသခံများနှင့် လက်တွဲပြီး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးစဉ်များသည် လုံခြုံစိတ်ချဘေး အန္တရာယ်ကင်းစွာ သွားလာလည်ပတ်နိုင်သည့် ပကတိအခြေအနေမှန်ကို ခရီးသွားများ အချိန်တိုတိုအတွင်း ထိထိရောက်ရောက်သိရှိအောင် အဓိကထားဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ မိမိတို့နိုင်ငံ၏ ထူးခြားသည့် ခရီးသွားထုတ်ကုန်နှင့် ဝန်ဆောင်မှုများကိုလည်း Digital Platform များမှ တစ်ဆင့် ကမ္ဘာ့ခရီးသွားအသိုက်အဝန်းက သိရှိနိုင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က ယခင်ကျင်းပခဲ့သည့် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ အစည်းအဝေးများမှ ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်လျက်ရှိ သည့်အခြေအနေ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကဏ္ဍ၏ လက်ရှိအခြေအနေများနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။

ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်  ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ဗဟိုကော်မတီ (၁/၂၀၂၄) ကြိမ်မြောက်  အစည်းအဝေးဆုံး ဖြတ်ချက်များအပေါ်ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့် ဗဟိုကော်မတီသို့ တင်သွင်းလာသည့် အမှာစာများကို ဖတ်ကြားတင်ပြပြီး အတည်ပြုချက်ရယူသည်။ 

ဆက်လက်၍ ဗဟိုကော်မတီဝင်  ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ဗဟိုကော်မတီအကြံပေးပုဂ္ဂိုလ်၊ နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များမှ စီးပွားရေးရာဝန်ကြီးများ ပုဂ္ဂလိကခရီးသွားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ခရီးသွားလုပ်ငန်း တတ်သိပညာရှင်များနှင့် တာဝန်ရှိသူများက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေး တင်ပြကြရာ ဗဟိုကော်မတီဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး  ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့်   ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး က နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်