ရွှေတောင် ဇန်နဝါရီ ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိတ်ဖက်ဌာနများနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများနှင့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက် သုံးဘီးယာဉ်ဖြင့် နယ်လှည့်စာကြည့်တိုက် စာငှား၊ စာဖတ်ဝန်ဆောင်မှုပေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက (ဘယ်လက်) အခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် (ဘယ်လက်) အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဇော်မျိုးအောင်မှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နွေးဒါလီနိုင်မှ ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန်နှင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး ရည်ရွယ်၍ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုတားဆီးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနှင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာများအကြောင်း အကျယ်တဝင့် ရှင်းလင်းဟောပြောကာ “သဘာဝလက်ဆောင်သုံးရာသီ” စက္ကူပြဇာတ် ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ် တိုင်းရင်းဆေးကုသရေးဌာန၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဇာဇာအောင်က အာဟာရအုပ်စုများ၊ တိုင်းရင်းဆေးဝါးများ၏ အကျိုးသက်ရောက်မှုနှင့် ဆောင်းရာသီတွင် ဖြစ်ပွားတတ်သော ရောဂါများအကြောင်း၊ စားသောက်နေထိုင်မှုဆိုင်ရာ အကြောင်းအရာများ ရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်မာချောစုကြည်က စားသုံးသူနှင့် ပတ်သက်သော ကုန်စည်အမှတ်အသား (၈)ချက်နှင့် ဆောင်ရန်ရှောင်ရန် အသိပညာပေး သိကောင်းစရာအကြောင်း၊ တားမြစ်ဆိုးဆေးများအကြောင်း ဟောပြောကြသည်။

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ပေးပြီး ဒေါ်အေးအေးခိုင်က “မျောက်နဲ့မိကျောင်း” ပုံပြင်စာအုပ် ပြောပြသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများကို လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမား ပပျောက်ရေး နံရံကပ်စာစောင်များ ပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး စာအုပ်စာပေများကို ဖတ်ရှုခဲ့ကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)