စာဖတ်ပရိသတ်တစ်ဦး
ဆိုရှယ်မီဒီယာခေတ်တွင် လူတိုင်းနီးပါး အွန်လိုင်းအသုံးပြုလာကြသည်။ နည်းပညာနှင့် ဆက်စပ်ပစ္စည်းများကို အသုံးပြု၍ အွန်လိုင်းတွင် သတင်းအချက်အလက်များဖော်ပြခြင်း၊ ပေးပို့ခြင်း၊ ဖြန့်ချိခြင်းများ ပြုလုပ်လာကြသည်။
အချို့ကလည်း မိမိ၏ တစ်နေ့တာသွားလာ လှုပ်ရှားမှုများကို မိတ်ဆွေသူငယ်ချင်းများအား အသိပေး ဝေငှကြသည်။ အချို့က မိမိပတ်ဝန်းကျင်တွင် အဆင်မပြေမှုများ၊ ခံစားချက်များကို ရင်ဖွင့်ကြသည်။ အချို့ကား ထင်ပေါ် ကျော်ကြားလိုမှုကို အကြောင်းပြု၍ ပွဲရှာကြသည်။ နာမည်ကျော်ပုဂ္ဂိုလ်များ၏ လတ်တလော အများအာရုံစိုက်ရာ ပြုမူပြောဆိုလှုပ်ရှားမှုအပေါ် အကြောင်းပြု၍ ယခုခေတ်စကားအရ ဝင်ဝုန်းကြသည်။ ဆိုရလျှင် လူအမျိုးမျိုး စိတ်အထွေထွေဆိုသကဲ့သို့ အွန်လိုင်းပေါ်တွင် ကိုယ်ဝါသနာပါရာ၊ သန်ရာသန်ရာကို ရေးကြ သားကြ တင်ပြကြသည်။
သို့ဖြင့် ဆိုရှယ်မီဒီယာခေတ်တွင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာသတင်းမီဒီယာအဖွဲ့အစည်း အသီးသီး လိုက်နာကျင့်သုံးလျက်ရှိသော ကျင့်ဝတ်စည်းကမ်းများကို အွန်လိုင်းသုံးစွဲသူတိုင်း အကြမ်းဖျင်း သိရှိနားလည်ထားဖို့ လိုပါသည်။
ကျင့်ဝတ်စည်းကမ်းများကို လိုက်နာလေ့ရှိ
ကျင့်ဝတ်စည်းကမ်းနှင့် သိက္ခာပြည့်ဝသော သတင်းမီဒီယာအဖွဲ့အစည်းများသည် “သတင်း ရေးသားရာတွင် အချက်အလက် တိကျခိုင်မာရမည်၊ သတင်းရေးသားသည့်အခါတွင် သတင်းရေးသူ သတင်းထောက်၏ ပုဂ္ဂိုလ်ရေးထင်မြင်ချက်ကို ထည့်မရေးရ၊ မိမိရေးသားသည့် သတင်းသည် ဝါဒဖြန့်ရာတွင် အသုံးချခံရခြင်း မရှိစေရ၊ ပုဂ္ဂိုလ်ရေးဝေဖန်ရေးသားရာတွင် သတင်းအကြောင်းအရာနှင့် တိုက်ရိုက်ပတ်သက်သူများကိုသာ အကန့်အသတ်ဖြင့် ဝေဖန်ရမည်၊ သတင်းအရင်းအမြစ်က သဘောမတူလျှင် ထုတ်ဖော်မပြောရ၊ အင်တာဗျူးတွင် ထည့်မရေးပါနှင့်ဟု တားမြစ်သည့်စကားကို ထည့်မရေးရ” စသည်ဖြင့် Code of Conduct နှင့် Code of ethics ဟူသည့် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာလေ့ရှိသည်။
ထို့အတူ ယခုခေတ် စာတည်းဟုဆိုသည့် အယ်ဒီတာများအနေဖြင့်လည်း သတင်း၊ ဆောင်းပါးများကို တည်းဖြတ်ရာတွင် “သတင်းဆောင်းပါးများတွင် အချက်အလက်နှင့် အဓိပ္ပာယ်ဖော်ပြပုံ အမှား အယွင်း ရှိ-မရှိ၊ အသရေဖျက်မှု သို့မဟုတ် အခြာ သော တရားဥပဒေငြိစွန်းမှု တစ်စုံတစ်ရာပါဝင်ခြင်း ရှိ-မရှိ၊ စာဖတ်ပရိသတ် ယုံမှားသံသယဖြစ်ဖွယ်ရာ ဓမ္မဓိဋ္ဌာန်မကျသော၊ မမျှတသောဖော်ပြမှုမျိုး ဖြစ်-မဖြစ်၊ သို့တည်းမဟုတ် စာဖတ်ပရိသတ် ငြီးငွေ့ဖွယ်ရာအကြောင်းအရာ ဖြစ်-မဖြစ်၊ ထူးခြား သိမှတ်ဖွယ်ရာအကြောင်းအရာမျိုး၊ စာဖတ်သူတို့ စိတ်ဝင်စားဖွယ် တစ်စုံတစ်ရာအကျိုးဖြစ်ထွန်းဖွယ် အကြောင်းအရာမျိုး ဖြစ်-မဖြစ်” သတိမူရသည်။
အလားတူ သတင်း(သို့)ဆောင်းပါး၏ သဘောသွား၊ စကားလုံးလေကြောရှည်မှု၊ အပ်ကြောင်း ထပ်မှု၊ ငြီးငွေ့စရာအသေးစိတ်အချက်များ၊ မျက်စလျှံသွားသော အချက်အလက်များ၊ အဆီအငေါ်မတည့်မှုများ၊ အမှတ်တမဲ့ကြော်ငြာပေးမှုများ၊ အသရေဖျက်မှု၊ တစ်ပတ်ရိုက်လှည့်စားမှုများ၊ သတင်းဟောင်းပြန်ရေးသားမှု၊ အငြိုးဖြင့်ရေးသားမှု၊ ပုံတူကူးချမှုများကို ဆန်းစစ်ကြရသည်။
ထို့အပြင် အယ်ဒီတာဟူသည် စားပွဲပေါ် အသင့်ရောက်လာသော သတင်း၊ ဆောင်းပါးများကို တည်းဖြတ်ကာ သတင်းစာတွင် ဖတ်ချင်စဖွယ်ဖြစ်အောင် နေရာချထည့်သွင်းဖော်ပြရုံမျှမက စာဖတ်ပရိသတ်များ သိသင့်သိထိုက်သော သတင်း၊ ဆောင်းပါးများကို ရရှိအောင် စီစဉ်ညွှန်ကြားသူ၊ ထောက်လှမ်း၊ စုံစမ်းရေးသားနိုင်ရပါမည်။
သို့ဖြစ်၍ နယူးယောက်တိုင်းမ်သတင်းစာကြီးကို စတင်တည်ထောင်သူ အဒေါ့ဖ် အက်စ် အော့ချ်က “သတင်းစာတစ်စောင်မှာ အသုံးဝင်ဆုံးပုဂ္ဂိုလ်ဟာ တည်းဖြတ်နိုင်သူဖြစ်တယ်” ဟူ၍လည်းကောင်း၊ မြန်မာသတင်းစာ ဆရာကြီး ဂျာနယ်ကျော် ဦးချစ်မောင်ကလည်း “တည်းဖြတ်တဲ့အလုပ်ဟာ သတင်းစာရဲ့ တကယ့် အဆီအနှစ်ကြီးပဲ”ဟူ၍ လည်းကောင်း ပြောဆိုခဲ့သည်။ ဆရာကြီး ပီမိုးနင်းကမူ “စာနယ်ဇင်းတည်းဟူသော စာအမျိုးမျိုးပွဲကြီးရံကြီးမှာ ဆော့စ်ကလေး၊ ချက်တနီးကလေးများနှင့် မွှေးမွှေးကြိုင်ကြိုင် မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်အောင် အငွေ့တထောင်းထောင်းနှင့်မြင်ရလျှင် သွားရည်ယို လောက်အောင် စီမံတတ်သော ‘စာသူကြီး’ဉာဏ်မျိုး ရှိသူတို့ကို အယ်ဒီတာဟု ခေါ်ဝေါ်သမုတ်အပ်ပေ ကြောင်း” စသည်ဖြင့် အယ်ဒီတာ၏အလုပ်ကို အကဲဖြတ်ခဲ့ပေသည်။
ထိုသို့ဆိုရလောက်အောင်လည်း အယ်ဒီတာတို့ ဆောင်ရွက်ရသည့် လုပ်ငန်းနယ်ပယ်သညများစွာ ကျယ်ဝန်းလှပါသည်။ အမေရိကန်နိုင်ငံမှ PM ခေါ် သတင်းစာကြီးတွင် အယ်ဒီတာဌာနကို လုံးဝမထားဘဲ အကောင်းဆုံး သတင်းထောက်များကိုသာထား၍ စမ်းသပ်ခဲ့ဖူးသည်ဟုဆိုသည်။ ထိုစမ်းသပ်မှုမှာ နှစ်ရက်သာခံပြီး အယ်ဒီတာဌာနကို ထားမြဲထားရ လေသည်ဟု သိရသည်။
အကြမ်းဖျင်းသိရှိနားလည်ဖို့လည်း လိုအပ်
သတင်းထောက်များ လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းများနှင့် ထိုသတင်းများကို ဖတ်ချင်စဖွယ် ဖြစ်အောင်၊ အသရေဖျက်မှုစသည့် တည်ဆဲဥပဒေ များနှင့် ခလုတ်မထိ ဆူးမငြိအောင် တည်းဖြတ် ဖော်ပြပေးရသည့် အယ်ဒီတာတို့၏ လုပ်ငန်း ဆောင်တာများအပြင် ယနေ့ အွန်လိုင်းပေါ်တွင် ခေတ်စားနေသည့် ဝေဖန်မှုများစွာနှင့် ပတ်သက်၍ ဝေဖန်စာ၏ သဘောသဘာဝကို အွန်လိုင်းသုံးစွဲသူများ အကြမ်းဖျင်းသိရှိနားလည်ဖို့လည်း လိုအပ်ပေသည်။
ဝေဖန်စာကို မြန်မာနှင့် အနောက်တိုင်း သတင်းလောကတွင် review ဟု အသုံးများသည်။ စာပေ၊ ရုပ်ရှင်၊ ပန်းချီ၊ ဂီတ၊ ပြဇာတ် စသည့် အနုပညာ ရပ်များ၊ ဘောလုံးပွဲ၊ လက်ဝှေ့ပွဲ စသည့် အားကစား ပွဲများကို ကြည့်ရှုပြီးနောက် ဆန်းစစ်သုံးသပ်ကာ မိမိ၏ထင်မြင်ချက် သို့မဟုတ် ဝေဖန်ချက်ကို ရေးသား ထုတ်လွှင့်ခြင်းသည် ရီဗျူး(review) ဖြစ်ပေသည်။
ရီဗျူးရေးရာတွင် အာဃာတများ၊ အငြိုးအတေး များ ကင်းရှင်းပါစေ၊ လူ့သဘာဝအလျောက် ချစ်သူ ကို သာစေ၊ မုန်းသူကိုနာစေရန် ရေးမိလျှင်တောင်မှ မဖုံးနိုင် မဖိနိုင်လောက်အောင် မပေါ်လွင်ပါစေနှင့်၊ သာစေရန် သို့မဟုတ် နာစေရန်ရေးလျှင်လည်း အချက်အလက်နှင့်ရေးပါ၊ စည်းလွတ်ကမ်းလွတ်ရေးဖန်များလျှင် သင့်ရီဗျူးကို စာဖတ်သူများက ယုံကြည်မှု ရှိတော့မည်မဟုတ်၊ ရီဗျူးတွင် အဆိုးချည်းပဲ တွေ့နေလျှင်တောင်မှ အဆိုးချည်း တန်းစီမရေး ပါနှင့်။ အဆိုးထဲကအကောင်း၊ ကောင်းကွက်ကလေးများတွေ့အောင်ရှာ၍ ထိန်းညှိပြီးရေးပါ။ “အနုပညာ သည်တစ်ယောက်ကို သင့်ရီဗျူးဖြင့် ဘယ်တော့မှ အသေမသတ်ပါနှင့်။ သူ့ကိုနောက်တစ်ကြိမ် ကြိုးစားရန် အခွင့်အရေးပေးပါ” စသည်ဖြင့် ကျင့်ဝတ် သိက္ခာပြည့်ဝသော ဝါရင့်သတင်းစာဆရာကြီးများ၏ အဆုံးအမရှိပေသည်။
ဝန်ကြီးချုပ်ဟောင်း ဦးနုကလည်း ၁၂ အောက်တိုဘာ ၁၉၆၈ ထုတ် အိုးဝေဂျာနယ်၊ အမှတ် ၅ တွင် ညီလေးညိုမြအစချီ၍ “လောကမှာ တိုးတက် ကြီးပွားနေတဲ့ စာနယ်ဇင်းသမားတွေကို လေ့လာ ကြည့်တဲ့အခါ သူတစ်ပါးထက် ထူးခြားတဲ့ကိုယ်ကျင့် တရားတွေကို ဒီလိုတွေ့ရတယ်။
(၁) အကြောင်းကြောင်းတွေကြောင့် တချို့ကိစ္စတွေ မှာ မရေးသားဘဲ နေချင်နေမယ်။ မမှန်တာ၊ မဟုတ်တာ၊ သူတို့မယုံကြည်တာတွေကိုတော့ မှန်တာ၊ ဟုတ်တာ၊ သူတို့ယုံကြည်တာအဖြစ်မျိုးနဲ့ စာဖတ်ပရိသတ်ကို ဘယ်တော့မှ မတင်ပြဘူး။
(၂) အကျိုးရှိရှိ မရှိရှိ၊ လူကြိုက်များရင်ပြီးရော ဆိုတာမျိုး ဘယ်တော့မှ မလုပ်ဘူး။ လူကြိုက် လည်းများရမယ်၊ အကျိုးလည်းရှိရမယ်ဆိုတာ မျိုးကိုသာ စာဖတ်ပရိသတ်ကို တင်ပြလေ့ရှိတယ်။
(၃) ကိုယ့်ကလောင်နဲ့ထိုးသမျှ ဘာမှပြန်မလုပ်နိုင်ရှာဘဲ ငုံ့ခံရမယ်ဆိုတဲ့ လူစားမျိုးတွေအပေါ်မှာ ဘယ်တော့မှ အနိုင်မကျင့်ဘူး။ သက်ညှာတယ်၊ သဘောထားကြီးတယ်” စသည်ဖြင့် ရေးသားခဲ့ပါသည်။ ထိုသို့ရေးသား ပေးပို့မှုကို သတင်းစာဆရာကြီး အိုးဝေညိုမြက “စာနယ်ဇင်းသမား များအဖို့ ကျင့်ဝတ် ၃ ပါး” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။
စာရေးဆရာ၊ သတင်းစာဆရာတစ်ဦးဖြစ်သူ ဆရာမောင်ဝံသကလည်း ဂျာနယ်အင်တာဗျူးကဏ္ဍ တစ်ခုတွင် ပြန်လည်ဖြေကြားခဲ့သည်များကို “သတင်းစာဆရာဘဝနှင့်အမြင်” ခေါင်းစဉ်ဖြင့် အောက်ပါအတိုင်း ရေးသားဖော်ပြခဲ့ပါသည် -
မေး ။ သတင်းလောကမှာ ဘက်လိုက်မှု ကင်းရမယ် ဆိုတဲ့အသံက တော်တော်ကျယ်ပါတယ်။ သတင်းစာ ဆရာကြီး တစ်ဦးကတော့ သတင်းစာဆရာဟာ ပြည်သူလူထုဘက်ကို လိုက်ရမယ်လို့ဆိုတယ်။ ဒါနဲ့ ပတ်သက်တဲ့ ဆရာ့ရဲ့အမြင်ကို သိချင်ပါတယ်။
ဖြေ။ သတင်းစာဆရာဟာ သာမန်လူ၊ သာမန် အရပ်သားတွေထက် အမြင်ကျယ်ရပါမယ်။ အမှား အမှန်၊ အကောင်းအဆိုးကို လူပြိန်းတွေထက် ပိုသိ ပိုမြင်ပါမှ သတင်းစာဆရာကောင်း ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်လည်း သတင်းစာဆရာဆိုတာ တိုင်းပြည်ရဲ့ နား၊ မျက်စိလို့ တင်စားကြတာပေါ့။ သည်တော့ သတင်းစာဆရာဟာ ဘယ်သူရဲ့ နောက်မြီးဆွဲမှ မဖြစ်စေရပါဘူး။ ပြည်သူလူထု နောက်မြီးဆွဲလည်း မဖြစ်ရပါဘူး။ ပြည်သူလူထုက မှားနေရင်လည်း မှားနေတာကို ဖော်ပြရပါမယ်။ သတင်းစာဆရာဟာ အမှန်တရားဘက်ကပဲ ဘက်လိုက်ရပါမယ်။ ပြဿနာရပ်တိုင်းမှာ အမှန်နဲ့ အမှားကို ခွဲခြားနိုင်စွမ်းရှိဖို့တော့ လေ့လာမှုတွေ ရှိရမှာပေါ့။
မေး။ သတင်းတစ်ပုဒ်ကို ကိုင်တွယ်တင်ပြနေတဲ့ သတင်းသမားတွေဟာ ကိုယ်ရေးလိုက်တဲ့ သတင်းအပေါ် ဘယ်လောက်အထိ တာဝန်ယူရပါသလဲ။ သတင်းသမားတစ်ယောက်ရဲ့ တာဝန်ကြီးမှုကို ရှင်းပြပေးပါ။
ဖြေ။ ဘယ်လောက်အထိ တာဝန်ယူရသလဲဆိုရင် တော့ တရားစွဲခံရရင် အမှုကို ရင်ဆိုင်ဖြေရှင်းရပါ တယ်။ ဒါပေမဲ့ သတင်းကို မိမိနာမည်ဖော်ပြပြီး by line နဲ့ ရေးတာမဟုတ်ရင် တာဝန်ခံအယ်ဒီတာ ကပဲ တရားရုံးမှာ ရင်ဆိုင်ဖြေရှင်းရတယ်။ သတင်းထောက်ကတော့ မိမိစာနယ်ဇင်း တရားစွဲခံရပြီဆို ကတည်းက တာဝန် ရှိနေပြီပေါ့။ သတင်းတစ်ပုဒ်ကို ရေးပြီဆိုရင် အမှားအမှန် အတည်ပြုတာဟာ သတင်းထောက်ကိုယ်တိုင်ရဲ့ တာဝန်ပါပဲ။
သို့ဆိုလျှင် ထိုထိုသော သတင်းမီဒီယာဆိုင်ရာကျင့်ဝတ်စည်းကမ်းများနှင့် ခေတ်အဆက်ဆက် ပြည်တွင်း၊ ပြည်ပ သတင်းစာဆရာကြီးများ၏ အဆိုအမိန့်များကား လက်ရှိသတင်းလောကတွင် ကျင်လည်နေသော သတင်းသမားများအတွက် သာမက အထူးသဖြင့်အွန်လိုင်းပေါ်တွင် နှုတ်တစ်ရာစာတစ်လုံးအဖြစ် ရေးသားနေကြသော အွန်လိုင်း သုံးစွဲနေကြသူများအဖို့ပါ လေ့လာမှတ်သား သင်ယူ စရာကောင်းလှပါသည်။
သတင်းပြန်ကြားရေးနှင့် ဆက်သွယ်ရေး နည်းပညာခေတ်တွင် အွန်လိုင်းသုံးစွဲသူအများစုမှာလည်း သတင်းတွေဖတ်ကြ၊ ထပ်ဆင့်ဝေငှကြ၊ ကိုယ်တိုင်ရေးကြသားကြ၊ ဝေဖန်ပြောဆိုကြနှင့် တစ်စတစ်စ ကိုယ်တိုင်သတင်းသမားများ၊ ဝေဖန်ရေး ရီဗျူးရေးသူများ ဖြစ်နေကြသည်မဟုတ်ပါလား။ ။
ကိုးကား။ ။ မောင်ဝံသ၏ “သတင်းစာပညာ
သဘောတရားနှင့် လက်တွေ့”