နေပြည်တော် ဇန်နဝါရီ ၁၃

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ကော့သောင်းမြို့နယ်အတွင်းရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကော့သောင်းမြို့ ဓမ္မိကာရာမတပ်ဦးကျောင်း ကျောင်းထိုင်ဆရာတော်အား သွားရောက်ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

 

ထို့နောက် ကော့သောင်းမြို့ ဆလုံဘိုးဘွားရိပ်သာ၌ ကျေးရွာသူ ကျေးရွာသားများ၊ ဆလုံဘိုးဘွားများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ဒေသခံပြည်သူများအနေဖြင့် ရေလုပ်ငန်းကိုသာ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်ကြသည့်အတွက် လုပ်ငန်းများပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ လိုအပ်သည့် လုပ်ငန်းသုံးပစ္စည်းများနှင့် အရင်းအနှီးရရှိရေး လိုအပ်သည်များ ထောက်ပံ့ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အပ်ချုပ်စက်သင်တန်းအပါအဝင် လူသုံးကုန်နှင့် စားသောက်ကုန်များ ထုတ်လုပ်နိုင်ရေး လိုအပ်သောသင်တန်းများကိုလည်း စီစဉ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားကာ ဒေသခံပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဆလုံရိုးရာ ပြခန်းများကို ကြည့်ရှုအားပေးသည်။

 

 

ယင်းနောက် ကော့သောင်းမြို့နယ် ဇာဒက်ကြီးကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာနှင့် လေးမိုင်အကွာရှိ ရေစုကန်မှကျေးရွာသို့ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ဇာဒတ်ကြီးကျေးရွာ ရေဆင်းတံတားတို့ကို လှည့်လည်ကြည့်ရှုသည်။

 

ဆက်လက်၍ ကော့သောင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ရုံး၌ ဦးစီးဌာနများမှ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်