နေပြည်တော် ဇန်နဝါရီ ၁၃
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးမှ ဝန်ထမ်းများ ကျန်းမာရေးဆိုင်ရာအသိပညာနှင့် ဗဟုသုတများတိုးပွားရရှိပြီး ကျန်းမာ ကြံ့ခိုင်စွာဖြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်စေရန်ရည်ရွယ်၍ ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့ ပူးပေါင်းစီစဉ်သည့် ကျန်းမာရေး အသိပညာပေးအစီအစဉ်အရ ဆီးချို၊ သွေးချို၊ သွေးတိုးနှင့် သွားကျန်းမာရေးဆိုင်ရာ ဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ် စုဝေးခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးမှ အရာထမ်းအမှုထမ်းများ တက်ရောက်ကြသည်။
ဟောပြောပွဲတွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ကုတင်-၁၀၀၀) ဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါက်တာရဲမြင့်က “ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါအကြောင်း သိကောင်းစရာ” များကို လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသံလွင်ထွန်းက “Health and Physical Activities” ကိုလည်းကောင်း ဟောပြောဆွေးနွေးကြပြီး တက်ရောက်လာသူများ၏ မေးမြန်းမှုများအပေါ် ပြန်လည်ဖြေ ကြားကြသည်။
ထို့နောက် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ကုတင်-၁၀၀၀) ဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါက်တာရဲမြင့် ဦးဆောင်သောအဖွဲ့နှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ နေပြည်တော် သွားနှင့်ခံတွင်း အထူးကုဆေးရုံအုပ်ကြီး ပါမောက္ခဒေါက်တာခင်မောင် ဦးဆောင်သော အဖွဲ့တို့က ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရှိ ယာယီဆေးပေးခန်း၌ ဝန်ထမ်းများအား ဆီးချို၊ သွေးချို၊ သွေးတိုး တိုင်းတာစစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်းရောဂါများကို စစ်ဆေးကုသပေးခြင်းနှင့် သွားတိုက်နည်းစနစ် သင်ကြားပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သတင်းစဉ်


