နေပြည်တော် ဇန်နဝါရီ ၁၃

 

အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ (၁/၂၀၂၅) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ကော်မတီဥက္ကဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ အသေးစား ငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများ၊ မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေး အသင်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအထိ အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုပြီးသည့် ပြည်ပကုမ္ပဏီ ၅၃ ခု၊ ပြည်တွင်းကုမ္ပဏီ ၁၁၂ ခုနှင့် အစုစပ်ကုမ္ပဏီ ၉ ခု၊ စုစုပေါင်း ၁၇၄ ခုရှိပြီး ယင်းကုမ္ပဏီများမှ တိုင်းဒေသကြီး၊ ပြည်နယ် ၁၅ ခုရှိ မြို့နယ်ပေါင်း ၂၆၃ မြို့နယ်၊ ရက်ကွက် ၂၃၀၀ နှင့် ကျေးရွာပေါင်း ၂၇၀၀၆ ရွာရှိ အသင်းဝင်ဦးရေ ၃ ဒသမ ၂၂၈ သန်းသို့ ငွေကျပ် ၂၀၁၁ ဒသမ ၀၇၇ သန်းထုတ်ချေးထားကြောင်း၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းကုမ္ပဏီများအနေဖြင့် ဝင်ငွေ နည်းပြည်သူများသို့ ငွေကြေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးရာတွင် သတ်မှတ်ထားသည့် ဉပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။

 

အသေးစားငွေရေးကြေးရေးလုပ်ငန်း ကုမ္ပဏီများအနေဖြင့် ငွေကြေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးရာတွင် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးမှုအတွက် အရေးပါသည့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများအပြင် MSME လုပ်ငန်းကဏ္ဍများ တိုးတက်စေရေးအတွက်ကိုလည်း ချေးငွေများ ထုတ်ချေးပေးထားကြောင်း၊ ကော်မတီအနေဖြင့် အသေးစားငွေရေးကြေးရေး လုပ်ငန်းကုမ္ပဏီများအား ကော်ပိုရိတ် အသက်အာမခံကိုယ်စားလှယ် ဆောင်ရွက်ခွင့်ပြုခြင်း၊ Digital Financial Services များ အသုံးပြု၍ ချေးငွေပြန်လည်ကောက်ခံခြင်းနှင့် ချေးငွေရယူသူ၏ ငွေစာရင်းသို့ ချေးငွေထုတ်ချေးခြင်းတို့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့အစည်းအဝေးတွင် နိုင်ငံ၏ လက်ရှိ လူမှုစီးပွားဖြစ်ပေါ်တိုးတက်မှုများနှင့် လိုက်လျောညီထွေသည့် အများဆုံးထုတ်ချေးငွေ သတ်မှတ်ချက်နှင့် စုဆောင်းငွေသတ်မှတ်ချက်တိုးမြှင့်ပေးနိုင်ရေး ဆွေးနွေးဆုံးဖြတ်သွားရန် ဖြစ်ကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့်အခက်အခဲများ၊ လိုအပ်ချက်များကို ဝိုင်းဝန်းဆွေးနွေးအကြံပြုကြရန် မှာကြား သည်။

 

ထို့နောက် ကော်မတီအတွင်းရေးမှူး ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အသေးစားငွေရေးကြေးရေး လုပ်ငန်းကုမ္ပဏီ သုံးခု၏ လုပ်ငန်းလိုင်စင် လျှောက်ထားမှု၊ အသေးစားငွေရေးကြေးရေးလုပ်ငန်း ကုမ္ပဏီများ၏ အများဆုံး ထုတ်ချေးငွေနှင့် အများဆုံးစုဆောင်းငွေပမာဏ သတ်မှတ်ချက်များအား တိုးမြှင့်ခွင့်၊ တင်ပြခြင်းများအပါအဝင် ကော်မတီကဆွေးနွေးဆုံးဖြတ်ရန်အချက်များကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးအသင်း ဒုတိယဉက္ကဋ္ဌ ဦးမင်းမင်းဇော်က လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် ကော်မတီမှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အချက်များကို ရှင်းလင်းတင်ပြရာ ကော်မတီဝင်များက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး အကြံပြုတင်ပြကြသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက အသေးစားနှင့် အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ချေးငွေများရရှိစေရန် ပြည်တွင်းဘဏ်များသာမက အသေးစားငွေရေးကြေးရေး လုပ်ငန်းကုမ္ပဏီများမှလည်း ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန်လိုကြောင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုကြောင့် ဒီဂျစ်တယ်ငွေကြေး ဝန်ဆောင်မှု ရယူသုံးစွဲရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန်လိုကြောင်း၊ အသေးစား ငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုပြီးသည့် ကုမ္ပဏီများအနေဖြင့် ထုတ်ပြန်ထားသော ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များအား အလေးထားလိုက်နာဆောင်ရွက်ကြရန်လိုကြောင်း မှာကြားသည်။

 

အစည်းအဝေးတွင် အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ခွင့်ပြုသည့် ပြည်တွင်းကုမ္ပဏီသုံးခု၊ မတည်ငွေရင်းတိုးမြှင့်ခွင့်ပြုသည့်ကုမ္ပဏီလေးခု၊ ကော်ပိုရိတ်အသက် အာမခံ ကိုယ်စားလှယ်ခွင့်ပြုမှုသုံးခု၊ နယ်မြေတိုးချဲ့သည့် ကုမ္ပဏီသုံးခုတို့ကို ကော်မတီက ခွင့်ပြုပေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်