နေပြည်တော်   ဇန်နဝါရီ   ၁၄

 

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်အာမခံအလုပ်သမားများအား လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တောင်ငူမြို့ ခပေါင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

 

အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်၊ အလုပ်သမားဝန်ကြီးဌာနမှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက တိုင်ဖွန်းမုန်တိုင်း(ရာဂီ)၏ အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်ထောင်စုနယ်မြေ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အချို့တွင် ရေကြီး ရေလျှံမှုကြောင့် ပြည်သူအများ အတိဒုက္ခရောက်ခဲ့ရပြီး အလုပ်ရုံ၊ စက်ရုံ၊ အလုပ်ဌာနများ ပိတ်သိမ်းရခြင်း၊ လယ်ယာမြေများ ပျက်စီးဆုံးရှုံးရခြင်းတို့ကြောင့် ဒေသအလိုက် ဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ လူမှုဖူလုံရေး မြို့နယ်ရုံး (၈၀) တွင် ယနေ့အချိန်အထိ အလုပ်ဌာန (၃၄,၉၂၇) ဌာနနှင့် အလုပ်သမား (၁ ဒသမ ၂၇)သန် အကျုံးဝင် မှတ်ပုံတင်ထားပြီးဖြစ်ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပဲခူးတိုင်းဒေသကြီး၌ အလုပ်ဌာန (၂,၆၆၉) ဌာန၊ အာမခံအလုပ်သမား (၇၇,၇၁၀)ဦး မှတ်ပုံတင်ထားပြီး ၎င်းတို့အနက် အလုပ်ဌာန (၅၆)ဌာနက ရေဘေးသင့်အာမခံအလုပ်သမား (၅၁၉)ဦးအား ငွေကြေးအကျိုးခံစားခွင့်ကျပ်သန်း (၃၉ ဒသမ ၁၃)ကို ယနေ့ အခမ်းအနားတွင်  ခွင့်ပြုထုတ်ပေးခြင်းဖြစ်ကြောင်း ပြောကြားပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်ထံသို့ အာမခံအလုပ်သမား (၅၁၉) ဦးအတွက် လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့်  ၄၀ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ်သန်း (၃၉ ဒသမ ၁၃ ) သန်းကို လွှဲပြောင်းပေးအပ်သည်။

 

ထို့နောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ကျေးဇူးတင်စကား ပြောကြားပြီး ပြည်ထောင်စုဝန်ကြီး သည် တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အလုပ်သမားဝန်ကြီးဌာနအောက်ရှိ ဉီးစီးဌာနနှင့် အဖွဲ့ရုံးများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာနေထိုင်ရေး၊ ဝန်ထမ်းအချင်းချင်း စည်းလုံး ညီညွတ်စွာဖြင့် ဌာနအလိုက် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခြင်းဖြင့် ဝန်ကြီးဌာနနှင့် နိုင်ငံတော်အစိုးရ၏ ရည်မှန်းချက်၊ ဦးတည်ချက်များ အောင်မြင်မည်ဖြစ်ကြောင်း ပြောကြားသည်။

(သတင်းစဉ်)