နေပြည်တော်  ဇန်နဝါရီ  ၁၄

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဦးဆောင်‌သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဇန်နဝါရီ ၉ ရက် ညနေပိုင်းက ပေကျင်းမြို့ရှိ  အာဆီယံ-တရုတ် စင်တာ (ASEAN-China Centre-ACC) သို့ ရောက်ရှိရာ ACC အထွေထွေအတွင်းရေးမှူးချုပ်က အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာတက္ကသိုလ်နှင့် သိပ္ပံများတွင် လက်ရှိဆောင်ရွက် နေမှုများကို ရှင်းလင်းပြောကြားသည်။      

 

ထို့နောက် ဒုတိယဝန်ကြီးသည် ACC အထွေထွေအတွင်းရေးမှူးချုပ်နှင့် အဆိုပါစင်တာ၌ တွေ့ဆုံပြီး တရုတ်-မြန်မာနှစ်နိုင်ငံအကြား အကျိုးစီးပွားရရှိစေရေးနှင့် ချစ်ကြည်ရင်းနှီးမှု ခိုင်မြဲစေရေး၊ အသက်မွေးဝမ်းကျောင်း ပညာ ကဏ္ဍ၊ AI နှင့် EV နည်းပညာများ ဖွံ့ဖြိုးရေးကဏ္ဍ၊ အပြန်အလှန် ဖလှယ်ရေးကဏ္ဍများတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို မဟာဗျူဟာမြောက် ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပြီး အမှတ်တရလက်ဆောင်များကို အပြန်အလှန် လဲလှယ်ခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)