မင်းဘူး ဇန်နဝါရီ ၁၅

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မန်းရွှေစက်တော်ဘုရားကြီးအနီးရှိ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို မန်းရွှေစက်တော် ဘုရားပွဲတော်နှင့်အတူ တစ်ဆက်တည်း ဖွင့်လှစ်သွားမည်ကြောင်း အဆိုပါဆင်စခန်း တာဝန်ခံထံမှ သိရသည်။

 

ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို မန်းရွှေစက်တော်ဘုရားကြီးအနီး ပဒေါင်း-ပျော်ဘွယ် ကြိုးပြင်ကာကွယ်တောအတွင်း၌ သဘာဝတောတောင်ရေမြေနှင့် စိမ်းစိုသာယာလှပသော သဘာဝရှုခင်းအလှများကို အခြေခံ၍ မြန်မာ့သစ်လုပ်ငန်း၊ မင်းဘူးသစ်ထုတ်ရေးဒေသ၊ ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးအခြေပြု ခရီးသွားလုပ်ငန်းမှ ပြည်တွင်း/ပြည်ပ ခရီးသွားများအား ဆွဲဆောင်နိုင်စေရန်၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်နှင့် အစိမ်းရောင် စီးပွားရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ထားပြီး ယခုနှစ် မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ဖေဖော်ဝါရီ ၂ ရက်မှ ဧပြီ ၁၇ ရက်အထိ (တပို့တွဲလဆန်း ရက်နေ့မှ မြန်မာနှစ်ဆန်း ရက်နေ့ထိ) ရက်ပေါင်း (၇၅)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

“ဆင်စခန်းကိုတော့ ယခုလက်ရှိမှာလည်း အဆက်မပြတ် ဖွင့်လှစ်ထားပြီးတော့ လာရောက်အပန်းဖြေ လည်ပတ်တဲ့သူတွေကို ခရီးသွားဝန်ဆောင်မှုလုပ်ငန်းအားလုံး ဆောင်ရွက်ပေးနိုင်ဖို့၊ ခရီးတို ဆင်စီးရင် တောတောင်ရေမြေနဲ့ စိမ်းစိုသာယာလှပတဲ့ သဘာဝရှုခင်းအလှတွေကို ကြည့်ရှုခံစားနိုင်စေဖို့နဲ့ မန်းချောင်းဘေး ဆင်များနှင့်အတူ ရေချိုးရင်း အပန်းဖြေအနားယူနိုင်စေဖို့အတွက် ယာယီတံတား၊ တည်းကျောင်းနဲ့ အလှဆင်တာတွေကို ကြိုတင်ပြင်ဆင် ဆောင်ရွက်နေပါတယ်။ ဒီနှစ်မှာ ဆင်စခန်းကို အဆင့်မြှင့်တင်မှု လုပ်ငန်းအနေနဲ့ (Elephant Show) ပွဲကြည့်စင်အသစ် တစ်ဆောင်ကို မန်းချောင်းအတွင်း ထပ်မံတိုးချဲ့ ဆောက်လုပ်ထားပြီးတော့ ဒီနှစ်မှာလည်း ဆင်လိမ်မာ ကလေးတွေနဲ့အတူ ထူးခြားတဲ့ ဧည့်ခံဖျော်‌ဖြေ တင်ဆက်မှုတွေ လုပ်ဆောင်သွားမှာပါ။ ဒါ့အပြင် VIP တည်းခိုဆောင်အသစ် နှစ်လုံးကိုလည်း ထပ်မံတိုးချဲ့ ဆောက်လုပ်ထားပြီးတော့ ဆင်စခန်းကို လာရောက်လည်ပတ်သူတွေ သွားလာရေး လွယ်ကူချောမွေ့ အဆင်ပြေစေဖို့ ဆင်စခန်း အဝင်းလမ်းကို တို့ချဲ့ပြုပြင်ပြီး ကွန်ကရစ်လမ်းအဖြစ် ပေ ၁၉၀၀ အထိ ဆောင်ရွက်ထားပါတယ်”ဟု ဆင်စခန်းတာဝန်ခံက ပြောသည်။

 

အဆိုပါဆင်စခန်းကို ဖွင့်လှစ်ချိန်အဖြစ် နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၆ နာချိန်ထိ သတ်မှတ်ထားကာ ဆင်စခန်းရှိ တည်းခိုဆောင်များ၌ ညအိမ်တည်းခိုနားနေနိုင်ကြောင်း၊ ဆင်စခန်းတွင် ဆင်ထီး (၅)ကောင်၊ ဆင်မ (၈)ကောင်၊ စုစုပေါင်း ဆင်(၁၃)ကောင်ရှိပြီး ပြည်တွင်း ခရီးသွားတစ်ဦးလျှင် ဆင်စခန်းဝင်ကြေး ၁၀၀၀ ကျပ်နှင့် ခရီးတိုဆင်စီးခ ၅၀၀၀ ကျပ်နှုန်း၊ ပြည်ပနိုင်ငံခြားသား တစ်ဦးလျှင် ဝင်ကြေး ၁၀၀၀၀ ကျပ်နှင့် ခရီးတိုဆင်စီးခ ၁၀၀၀၀ ကျပ်နှုန်း၊ တည်းခိုဆောင်အနေဖြင့် VIP တည်းခိုဆောင် (၄)လုံးနှင့် ဘန်ဂလို (၁၁)လုံးရှိပြီး ဘန်ဂလိုတည်းခိုဆောင် တစ်လုံးအတွက် တစ်ရက်လျှင် ငှားရမ်းခ ၄၀၀၀၀ ကျပ်နှုန်းနှင့် VIP တည်းခိုဆောင် တစ်လုံးအတွက် တစ်ရက်လျှင် ငှားရမ်းခ ၇၀၀၀၀ ကျပ်နှုန်းတို့ဖြင့် အသီးသီး သတ်မှတ်ထားကြောင်း၊ ထို့အပြင် ဆင်စာဘူဖေးကို မိမိတို့ တတ်နိုင်သောနှုန်းထားဖြင့် ဆင်စာများ ဝယ်ယူကျွေးမွေး လှူဒါန်းနိုင်ကြောင်း သိရသည်။

 

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်း အပါအဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာန၊ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး အခြေပြု ခရီးသွားလုပ်ငန်း Elephant Conservation Based Tourism (ECBT) စခန်း (၂၂)ခုကို ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

 

မောင်မောင်(မင်းဘူး)