နေပြည်တော် ဇန်နဝါရီ ၁၅
နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်းရှိ ရေဘေးသင့်ဘုန်းတော်ကြီး ကျောင်းများအား ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက်ပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ၊ နေပြည်တော်တိုင်း သံဃနာယကအဖွဲ့ဥက္ကဋ္ဌ သုခဝိဟာရ သရက်ကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရ၊ ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်တောရ(မြို့တော်ဝန်)ကျောင်းဆရာတော် ဘဒ္ဒန္တခေမာနန္ဒနှင့် အလှူရှင်များက အလှူငွေ၊ ပဋ္ဌာန်းပါဠိတော်ကျမ်းစာအုပ်နှင့် အရှင်ဂဝမ္ပတိမထေရ် စာအုပ်များ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ရုံးအမှတ်(၃၁)ရှိ စုပေါင်းအစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ် ကျောင်းတိုက်ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ သုခဝိဟာရ သရက်ကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော် ဒေါက်တာဘဒ္ဒန္တ မုနိကုမာရထံမှ ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များအား ပြည်ထောင်စုဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ၊ ပဋ္ဌာန်းပါဠိတော်ကျမ်းစာအုပ်များနှင့် ရေဘေးကို တားဆီးတော်မူခဲ့သော အရှင်ဂဝမ္ပတိမထေရ်စာအုပ်များ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီး ဘဒ္ဒန္တဝိမလဗုဒ္ဓိ ပါဠိဆရာတော်ထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြသည်။
အခမ်းအနားအပြီးတွင် ရေဘေးသင့် ဘုန်းတော်ကြီးကျောင်း ၃၁၆ ကျောင်းတို့အား လှူဒါန်းမည့် ပဋ္ဌာန်းပါဠိတော်ကျမ်းစာအုပ်များ၊ အရှင်ဂဝမ္ပတိမထေရ် စာအုပ်များ၊ Pagoda Digital Directory ဘုရား၊ စေတီများသမိုင်းနှင့် ဘုရားဖူးလမ်းညွှန်တို့ကို ဆရာတော်ကြီးများအား ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြသခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


