နေပြည်တော် ဇန်နဝါရီ ၁၅

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့မွန်းလွဲပိုင်းတွင် ကယားပြည်နယ် စီးပွားရေးရာဝန်ကြီးဦးစိန်ဦး၊ တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်တက္ကသိုလ်  ပင်မဆောင် ပြန်လည်ပြုပြင်ရန် လိုအပ်မှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ 

ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက ကျောင်းဝင်းအတွင်းရှိ ဘွဲ့နှင်းသဘင်ခန်းမ၊  စာကြည့်တိုက်၊ စာသင်ဆောင်၊ အိပ်ဆောင်၊ ဝန်ထမ်းဆောင်များ ပြန်လည်ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများကို ဦးစားပေးအဆင့်လိုက် ခွဲခြားဆောင်ရွက်နိုင်ရေးနှင့် တက္ကသိုလ်ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သော ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်ရေးတို့ကို မှာကြားသည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လွိုင်ကော်ပညာရေးဒီဂရီကောလိပ်၌ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ သင်တန်းသား သင်တန်းသူများနှင့်လည်း ကောင်း၊ ပြည်နယ်ပညာရေးမှူးရုံး၌ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာများနှင့်လည်းကောင်း၊ လွိုင်ကော်မြို့ အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့် လည်းကောင်း ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အမှာစကားပြောကြားပြီး တက်ရောက်လာသူများ၏ လိုအပ်ချက် တင်ပြမှုများအပေါ်  ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်