နေပြည်တော် ဇန်နဝါရီ ၁၅
စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၄/၂၀၂၄-၂၀၂၅)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်ပစ္စည်းကြီးကြပ်မှုကော်မတီသည် နိုင်ငံတော်၏ စက်ပစ္စည်းကဏ္ဍနှင့်ပတ်သက်၍ အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် နိုင်ငံတော်အတွက် ကောင်းမွန်သည့်အထောက်အပံ့ဖြစ်စေရန် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ မူဝါဒ၊ လုပ်ငန်းတာဝန်များနှင့်အညီ လုပ်ငန်းများပိုမိုထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန် အဖွဲ့ဝင်များက ကြိုးပမ်းဆောင်ရွက်ပေးကြရန်နှင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန် လိုအပ်ကြောင်း၊ ပြည်တွင်း၌ လျှပ်စစ်များကို ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် လိုအပ်သည့် စက်ပစ္စည်းများ၊ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် လိုအပ်သော စက်ပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများ၊ ထပ်မံဖြည့်တင်းရန်ရှိပါက ကော်မတီသို့တင်ပြလျှင် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သက်ဆိုင်ရာကော်မတီဝင်နှင့် ဝန်ကြီးဌာနကိုယ်စားလှယ်များက ဝန်ကြီးဌာနများက တင်ပြသည့်အမှုတွဲများကို ရှင်းလင်းတင်ပြကြပြီး တင်ပြသည့်အမှုတွဲများနှင့် ပတ်သက်၍ ဆွေးနွေးအတည်ပြုကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။
ညနေပိုင်းတွင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးသည် မုဒ်ဦးနှင့် ပြခန်းတည်ဆောက်ရေးဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဝင်းဖေ နှင့်အတူ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင် ပွဲပြု လုပ်နိုင်ရေးအတွက် ပြခန်းများတည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် ဝန်ကြီးဌာနပြခန်းများ၊ ရိုးရာအစားအစာဆိုင်ခန်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME ထုတ်ကုန်ပြခန်းများ၊ အသေးစားစက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါ ယမပြခန်းများကို သတ်မှတ်အချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်၊ ယခင်ကျင်းပခဲ့သည့် ပြပွဲများ၏ အားသာချက်များကို ပိုမိုကောင်းမွန်အောင်နှင့် အားနည်းချက်များကို ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ရန်၊ MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို MSME လုပ်ငန်းများ အောင်မြင်စေရေးနှင့် ထုတ်ကုန်ပစ္စည်းများ ဈေးကွက်ရရှိစေရေး၊ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


