ပန်းတောင်း ဇန်နဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တပ်ရင်း(၉၂)အတွင်းရှိ ယာယီတိုက်ပွဲရှောင် အိမ်ထောင်စု (၁၆၇)စုအတွက် တစ်အိမ်ထောင်လျှင် ကျပ်(၂)သိန်းစီ၊ တပ်တွင်းမိသားစု အိမ်ထောင်စု (၅၂)စုအတွက် ဆီ(၂)ပိဿာစီနှင့် ကျောင်းနေအရွယ် ကလေးများအတွက် ကျောင်းသုံးပစ္စည်းများအား ပေးအပ်ခဲ့သည်။
ထို့နောက် သူရဲတန်းအုပ်စု၊ သူရဲတန်းကျေးရွာရှိ သူရဲတန်းမြစ်ရေတင်လုပ်ငန်း ရေစတင်ပေးဝေနေမှု အခြေအနေနှင့် သူရဲတန်း ချောင်းနံဘေးရှိ မြေနုကျွန်းပေါ်တွင် တစ်ကွင်းတစ်ဆက်တည်း စိုက်ပျိုးထားသော မြေပဲဧက (၄၀၀) အောင်မြင်ဖြစ်ထွန်းမှု အခြေအနေ၊ သူရဲတန်းအုပ်စု၊ ပုသိမ်-မုံရွာ ကားလမ်းမှ ကျားကိုက် - သူရဲတန်း - ညောင်ဝိုင်း - ချင်းကုန်း - ကျောင်းကုန်းလမ်း (၁)မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ပဲကြီးကျေးရွာအုပ်စု၊ ဇီးကုန်းချောင်းအနီးရှိ နှစ်ပေါင်း (၄၀)ခန့် လုံးဝမစိုက်ပျိုးနိုင်သော မြေဧက (၇၀)အနက် လယ်မြေအဖြစ် ဖော်ထုတ်ရန်ကျန်ရှိသည့် ဧက (၄၀) ဖော်ထုတ်ခြင်းလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)


