မြိတ် ဇန်နဝါရီ ၁၆

 

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်-ကော့သောင်း လမ်းပိုင်းတွင် လေကြောင်း၊ ကုန်လမ်းကြောင်းများထက် ရေလမ်းခရီးကို ဒေသခံများ စတင်အဓိကအားပြု သွားလာနေရကြောင်း ဒေသခံခရီးသွားများထံမှ သိရသည်။

 

မြိတ်-ကော့သောင်း ကားလမ်းအပိုင်းတွင် သွားလာရန် အခက်အခဲများဖြစ်ပေါ်နေခြင်း၊ လေယာဉ်စျေးနှုန်း ကြီးမြင့်ခြင်းများကြောင့် ရေလမ်းခရီးကို ပိုမိုအားထားသွားလာနေကြကြောင်း ဒေသခံများက ပြောကြားသည်။

 

“ဂိတ်တွေကလည်း အများကြီးပဲ၊ ကားခထက် ဂိတ်ကြေးတွေက ပိုများနေတယ်။ ပြည်သူတွေ ရောင်းဝယ်ဖောက်ကားဖို့က စားရိတ်တွေများလာနေတယ်။ ကုန်ကားတွေနဲ့ အိမ်စီးကားတချို့တော့ သွားနေကြပါတယ်။ ကားလမ်းအသုံးပြုမှုတော့ အတော်နည်းပြီး လုံခြုံစိတ်ချရတဲ့ ရေလမ်းခရီးကို ပြည်သူတွေ စတင်ရွေးချယ် သွားလာနေကြပါတယ်” ဟု ခရီးသွားလာနေသူတစ်ချို့က ပြောကြားသည်။

 

ထို့အပြင် ကုန်းလမ်းခရီးမှာ စိတ်မချရသည့်အပြင် လေယာဉ်ခရီးစဉ် လက်မှတ်စျေးနှုန်းများကလည်း ကြီးမြင့်သဖြင့် သာမန်ပြည်သူများ ဝယ်ယူရန်ခက်ခဲကြောင်း သိရသည်။

 

“လုပ်ငန်းရှင်တချို့ကတော့ စပိဘုတ်တွေ ပြေးဆွဲပေးနေတယ်။ လမ်းပိတ်တဲ့အချိန် ပြေးဆွဲပေးနေရာမှ အခုဆိုရင် ပုံမှန်ခရီးစဉ်မျိုး ပြေးဆွဲပေးနေရပါတယ်။ လူတစ်ဦးကို မြိတ်-ကော့သောင်း ငွေကျပ်(၂)သိန်း စျေးရှိပါတယ်။ လမ်းခရီးကြာချိန်က (၆)​နာရီခန့်ရှိပါတယ်။ စပိဘုတ်ဖြစ်တဲ့အတွက် သာမန်ခရီးသွားတွေအတွက်တော့ အဆင်ပြေပါတယ်။ ကုန်စည်တော့ တင်လို့မရပါဘူး။ အခြေခံလူတန်းစားတွေတော့ မစီးနိုင်သေးပါဘူး” ဟု ကော့သောင်းဒေသခံတစ်ဦးက ပြောကြားသည်။

 

လေကြောင်းခရီးစဉ်မှာ မြိတ်–ကော့သောင်း ခရီးအတွက် ငွေကျပ်(၃)သိန်းခွဲနီးပါးခန့် ပေါက်ဈေးရှိနေပြီး ယခင်ကပြေးဆွဲခဲ့ဖူးသော ကမ်းရိုးတန်းသွား အမြန်ရေယာဉ်များကို ပြည်သူများက ပိုမိုမျှော်လင့်နေကြကြောင်းနှင့် မြိတ်-ရန်ကုန် ခရီးစဉ်များကိုလည်း ကမ်းရိုးတန်းသွား အမြန်ရေယာဉ်ကြီးများဖြင့် တိုးချဲ့ပြေးဆွဲပေးနိုင်ပါက ဒေသခံခရီးသွားများအတွက် ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။

 

​မြင့်ဦး(မြိတ်)