ညောင်ဦး ဇန်နဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက် (၁၁)မိုင်ခန့်အကွာတွင် ကမ္ဘာကျော်မီးငြိမ်းတောင်ဖြစ်သည့် ပုပ္ပားတောင်ပရဆေးဥယျာဉ်အနီး ရွှေသမင်ဘေးမဲ့တော ဥယျာဉ်တွင် ရွှေသမင်များ လာရောက်လေ့လာနိုင်ကြောင်း သိရသည်။
အဆိုပါ ရွှေသမင်ဘေးမဲ့တောဥယျာဉ်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနက ထိန်းသိမ်းကာကွယ်ခြင်းများ ဆောင်ရွက်နေသည့် နေရာဖြစ်ပြီး ရွှေသမင်များ၊ ဆတ်များ ကျင်လည်ကျက်စားနေသည့် နေရာတွင်ပင် (၁၇)ဧကခန့် ကျယ်ဝန်းသည့် စန္ဒကူးတောနှင့် ရွှေသမင်များ၊ ဆတ်များ၊ စန္ဒကူးတို့အား စိုက်ပျိုးထိန်းသိမ်းထားရှိထားကြောင်း သိရသည်။
စန္ဒကူးပင်များအား ၁၉၅၇-၅၈ ခုနှစ်တွင် သစ်တောမင်းကြီးဟောင်း ဦးစုမှ ပေ (၂၀)ခြား အကွာအဝေးဖြင့် ၂၅ ပင်စိုက်ပျိုးခဲ့ကြောင်း၊ ထိုစန္ဒကူးပင်များမှ အသီးများကို ငှက်များကစားသုံး၍ မစင်စွန့်ပစ်ရာမှ အပင်ငယ်လေးများပေါက်လာပြီး ယနေ့မြင်တွေ့ရသော စန္ဒကူးတော ပေါ်ပေါက်လာကြောင်း၊ မြန်မာ့ရွှေသမင်များအား စန္ဒကူးတောအတွင်း ထိန်းသိမ်းထားရှိထားကြောင်း သိရသည်။
မြန်မာ့ရွှေသမင်များထားရှိရာ စန္ဒကူးတောသို့ ပုပ္ပားကျေးရွာမှ တောင်ကလပ်သို့ သွားရာလမ်း ပုပ္ပားတောင်ဥယျာဉ်အဝင်ဝမှ စတင်ဝင်ရောက်နိုင်ပြီး ပရဆေးဥယျာဉ်အနီးတွင် တည်ရှိကာ သဘာ၀အတိုင်း တည်ရှိနေသော နွယ်ကြိုးပင်များ၊ စန္ဒကူးပင်များနှင့် နေပျောက်မထိုးနိုင်လောက်အောင် လူတို့ဖန်တီးထားသလား ထင်မှတ်လောက်အောင် တောတောင်သဘာ၀ အလှများဖြင့် ရှုမငြီးဖွယ် မြင်တွေ့နိုင်သည်။ ဘေးမဲ့တောဥယျာဉ်ထဲတွင် ရွှေသမင်အမ (၁၁)ကောင်၊ အထီး (၄)ကောင်နှင့် ဆတ်အထီး (၁)ကောင်နှင့် အမ (၄)ကောင်တို့ရှိပြီး ရွှေသမင်များနှင့် ဓာတ်ပုံရိုက်ကူးနိုင်ကာ ကြီးမားသော နွယ်ကြိုးကြီးများပေါ်တွင် သဘာ၀အတိုင်း ဒန်းစီးနိုင်ခြင်းနှင့် မိသားစုလိုက်သော်လည်းကောင်း၊ သူငယ်ချင်းများနှင့်သော်လည်းကောင်း လာရောက်အပန်းဖြေ လာရောက်လည်ပတ်နိုင်သည်။ ပုပ္ပားတောင်ဘေးမဲ့တော ဥယျာဉ်သည် တစ်ဆယ့်ခုနစ်ဧက အကျယ်အ၀န်းရှိပြီး ဥယျာဉ်ထဲရှိ ရေကန်ကြီးထဲတွင် ရွှေသမင်၊ ဆတ်များ ရေသောက်ချိန် အပန်းဖြေရင်း ကြည့်ရှုနိုင်ကာ သဘာ၀အလှ အပများကို ခံစားကြည့်ရှုနိုင်သည်။ ရွှေသမင်များအား ဖွဲနု၊ မယားနင်းရွက်၊ ကြောင်ထောက်ရွက် (ကြောင်ရှာပင်မျိုးနွယ်)၊ ငှက်ပျောသီးတို့ကိုလည်း အစာပြေဖြစ်စေ၊ အဝဖြစ်စေ ဘူဖေးကျွေးမွေးနိုင်ပြီး ဘူဖေးတစ်ခါကျွေးလျှင် ကျပ် (၅၀၀၀၀)နှုန်းဖြင့် ပုပ္ပားတောင်ဥယျာဉ် အုပ်ချုပ်ရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အုန်းကျော် ဖုန်း ၀၉-၂၅၄၀၂၈၉၈၄ သို့ ဆက်သွယ်၍ ကျွေးမွေးလှူဒါန်းနိုင်သည်။ မြန်မာ့ရွှေသမင်များ၏ မူလနေထိုင်ကျက်စားရာနေရာသည် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး/ စကုမြို့နယ် ရွှေစက်တော် ဘေးမဲ့တောဥယျာဉ်ဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အုန်းကျော်က ရှင်းပြ၍ သိရသည်။
ဒီပါလင်း


