ရန်ကုန် ဇန်နဝါရီ ၁၆

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီသည် အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၄)ရပ်ကွက်သို့ သွားရောက်၍ အမှတ်- ၃၄၊ ၃၅၊ ၃၆၊ ၃၇၊ ၃၈၊ ၃၉၊ ၄၀ နှင့် ၄၁ ရပ်ကွက်များအတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ငမိုးရိပ်ချောင်းသို့စီးဝင်သော အဓိကရေနုတ်မြောင်းဖြစ်သည့် ပြည်လုံးမွှေးလမ်းတစ်လျှောက် ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှုနှင့် Pump House Station တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

 

ထို့နောက် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် သရက်ပင်ချောင်ကျေးရွာသို့ သွားရောက်၍ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြေဧရိယာ ၁၈၇ ဒသမ ၃ ဧက ကျယ်ဝန်းသည့် သရက်ပင်ချောင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ (Final Disposal Site - FDS) တည်ဆောက်ရေး စီမံကိန်းဝင်းအတွင်း အမှိုက်များစုပုံနိုင်ရေးအတွက် အမှိုက်ကန်ဧရိယာ တိုးချဲ့တည်ဆောက်နေမှု၊ အမှိုက်သိမ်းယာဉ်များ ကတ္တားချိန်ရန် (Truck Scale) ဆောင်ရွက်နေမှု၊ အမှိုက်သိမ်းယာဉ်များ စက်သုံးဆီဖြည့်ရန် ဆီပန့်အဆောက်အဦနှင့် စက်သုံးဆီသိုလှောင်ကန် တည်ဆောက်နေမှု၊ ရေစုကန်နှင့် ရေထိန်းတံခါး တည်ဆောက်ထားရှိမှုနှင့် နှစ်ထပ်ရုံးခန်းအဆောက်အဦ တည်ဆောက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်