မြိတ် ဇန်နဝါရီ ၁၆
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြိတ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် အစည်းအဝေးခန်းမတွင် ယနေ့ နံနက်ပိုင်းက ကျင်းပသည့် ငါးလုပ်ငန်းဦးစီးဌာန၏ ငါးလုပ်ငန်းဆိုင်ရာ သုတေသန ရန်ပုံငွေထူထောင်မှု သဘောတူစာချုပ်အရ ငါး၊ ပုစွန်၊ ကမာ၊ ရေမှော်၊ ရေသတ္တဝါမွေးမြူရေးနှင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ (Forum) သို့ တက်ရောက်ကြသည်။
ဆွေးနွေးပွဲ (Forum) ကို တိုင်းဒေသကြီးအတွင်း မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ မွေးမြူရေးထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ပြီး ဒေသအတွင်း ငါးရိက္ခာဖူလုံစေ၍ ပြည်ပသို့ ပိုမိုတင်ပို့နိုင်ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိစေရန်၊ သဘာဝပင်လယ်ပြင် ငါးဖမ်းဆီးခြင်းအစား မွေးမြူရေးကဏ္ဍမှ မွေးမြူရေးထုတ်ကုန် ပိုမိုတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ငါးသယံဇာတ လျော့နည်းခြင်းကို ကာကွယ်နိုင်စေရန်၊ သုတေသနလုပ်ငန်းများဖြင့် မွေးမြူထုတ်လုပ်မှုကို အထောက်အကူပြုစေနိုင်ရန်၊ ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပေါများခြင်းဖြင့် ဒေသအတွင်းရှိ ပြည်သူများ စားဝတ်နေရေး အဆင်ပြေ တိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည်။
ဆွေးနွေးပွဲ (Forum)တွင် ဝန်ကြီးချုပ် ဦးမြတ်ကိုက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် မွေးမြူရေးလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည့်အတွက် ဒေသတွင်း မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး လုပ်ငန်းရှင်များအနေဖြင့် တစ်နိုင်တစ်ပိုင်မွေးမြူခြင်းမှ သားပေါက်များ ထုတ်လုပ်နိုင်သည်အထိ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် တိုင်းဒေသကြီးအတွင်း မွေးမြူရေးကဏ္ဍ ထုတ်လုပ်မှုများ တိုးတက်လာမှာဖြစ်ကြောင်း၊ ရေလုပ်ငန်းများဖွံ့ဖြိုးတက်ရန် တန်ဖိုးရှိသည့် အဏ္ဏဝါပင်လယ်ရှိကာ ရေသယံဇာတများရှိကြောင်း၊ ပင်လယ်ကိုမှီခိုပြီး လုပ်ကိုင်နေကြသည့် အောင်မြင်နေသော လုပ်ငန်းရှင်များရှိ၍ ဒေသတွင်းတန်ဖိုးရှိသည့် အဏ္ဏဝါနှင့်ပတ်သက်သော အထောက်အကူပြုသည့် မြိတ်တက္ကသိုလ်ရှိကြောင်း။
ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေလုပ်ငန်းရှင်များ၊ ရေသယံဇာတများ၊ အဏ္ဏဝါရေလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ပေးနိုင်သည့် ပညာရှင်များ မွေးထုတ်ပေးနေသည့် တက္ကသိုလ်ရှိသည့်အတွက် ဒီ(၃)ခုကို ဆက်စပ်ပြီး ဆောင်ရွက်ရန် အဓိကပံ့ပိုးကူညီမှုနှင့် ပေါင်းစပ်ညှိနှိုင်းမှု လိုအပ်ကြောင်း၊ ရေလုပ်ငန်းနှင့်ပတ်သက်သည့် သုတေသနရန်ပုံငွေဖြင့် တက္ကသိုလ် ကျောင်းသား/ ကျောင်းသူများ၏ စာတမ်းများ ဖတ်ကြားခြင်းနှင့် သုတေသန ဆောင်ရွက်ရာတွင် လိုအပ်သည့် အထောက်အကူပြုပစ္စည်းများ ပံ့ပိုးကူညီဆောင်ရွက်ခြင်းနှင့် ကျောင်းသား/ ကျောင်းသူများအတွက် လိုအပ်ပါက ကျောင်းစရိတ်များလည်း ပံ့ပိုးပေးရန်လိုအပ်ပါကြောင်း၊ ဆွေးနွေးပွဲတွင် စာတမ်းရှင်၊ ပညာရှင်များ၏ ဆွေးနွေးမှု၊ အကြံပေးမှု၊ လုပ်ငန်းရှင်များရဲ့ အပြန်အလှန်ဆွေးနွေးမှု ရလဒ်အချက်အလက်များသည် တိုင်းဒေသကြီး၏ မွေးမြူရေးကဏ္ဍ အကျိုးရလဒ်များ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက တိုင်းဒေသကြီးအတွင်း မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရေနေသတ္တဝါများ မွေးမြူဆောင်ရွက်နေမှု၊ ထုတ်လုပ်တင်ပို့နေမှု အခြေအနေများနှင့် ဈေးကွက်အခြေအနေများ၊ မွေးမြူရေးသုတေသန ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ဆွေးနွေးပွဲ ကျင်းပရသည့် ရည်ရွယ်ချက်များ၊ ရေလုပ်ငန်းစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးနှင့် လိုက်နာရမည့် အချက်များကို ရှင်းလင်းပြောကြားပြီး တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလှသန်းက ကြိုဆိုနှုတ်ခွန်း ဆက်စကားနှင့် သုတေသနရန်ပုံငွေ ဆောင်ရွက်ချက်များ ရှင်းလင်းပြောကြား၍ ဆွေးနွေးပွဲစတင်ခဲ့ကြသည်။
ငါး၊ ပုစွန်၊ ကမာ၊ ရေမှော်၊ ရေသတ္တဝါမွေးမြူရေးနှင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ (Forum) တွင် စာတမ်းရှင်၊ ပညာရှင်များက သုတေသနစာတမ်း (၁၄)စောင်ကို ဆွေးနွေးကြမည်ဖြစ်ပြီး ပညာရှင်များ၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ရေလုပ်ငန်းရှင်များ၊ တက္ကသိုလ် ကျောင်းသား/ ကျောင်းသူများက အကြံပြု ဆွေးနွေးကြမည်ဖြစ်ကာ ဆွေးနွေးပွဲကို ဇန်နဝါရီ ၁၆ ရက်နှင့် ၁၇ ရက် (၂)ရက်ကြာ ဆွေးနွေးကြမည်ဖြစ်သည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း ငါး၊ ပုစွန်၊ ကဏန်း၊ ဂျင်းခရု အစရှိသည်ဖြင့် မွေးမြူဆောင်ရွက်လျက်ရှိပြီး ရေငန်ပုစွန်မွေးမြူခြင်းကို မြေသားကန်များဖြင့် မွေးမြူဆောင်ရွက်လျက်ရှိကြောင်း၊ ရေငန်ပုစွန်မွေးမြူခြင်းကို ပြည်တွင်း၊ ပြည်ပ ပညာရှင်များဖြင့် (၂၂၁၇ ဒသမ ၅၆)ဧကတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ငါးမွေးမြူရေးအနေဖြင့် သဘာဝရေပြင်တွင် Cage Culture ဖြင့် ကျောက်ငါး၊ ကကတစ်ငါးများ မွေးမြူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)


