ဇန်နဝါရီ ၁၆
ဂျပန်နိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံခြားခရီးဝင်ရောက်မှုအရေအတွက်စံချိန်တင်မြင့်တက်ခဲ့ကြောင်း ခရီးသွား လုပ်ငန်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
၂၀၂၄ ခုနှစ်အတွင်း နိုင်ငံခြားခရီးသွား ၃၆ ဒသမ ၈ သန်းကျော် လာရောက်လည်ပတ်ကြောင်းနှင့် နိုင်ငံခြားခရီးသွားဝင်ရောက်မှုသည် ကိုဗစ်-၁၉ ကူးစက်ရောဂါမဖြစ်ပွားမီကာလက နိုင်ငံခြားခရီးသွားစံချိန်တင် ဝင်ရောက်မှုထက် ၁၅ ရာခိုင်နှုန်းပိုမိုများပြားကြောင်း ဖော်ပြထားသည်။
အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှလာရောက်သောခရီးသွားအရေအတွက်သည် ၂၀၁၉ ခုနှစ်က လာရောက်မှုအရေအတွက်ထက် ၅၈ ရာခိုင်နှုန်းပိုမိုများပြားသည်ဟုသိရသည်။ သို့ရာတွင် တရုတ်နိုင်ငံမှ လာရောက်သောခရီးသွားအရေအတွက်မှာမူ ၂၇ ဒသမ ၂ ရာခိုင်နှုန်းလျော့ကျသွားခဲ့သည်။
နိုင်ငံခြားခရီးသွားများ၏စုစုပေါင်းငွေကြေးသုံးစွဲမှုသည် အမေရိကန်ဒေါ်လာ ၅၂ ဘီလီယံရှိကြောင်း ဖော်ပြထားသည်။ ဂျပန်အစိုးရက ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံခြားခရီးသွား သန်း ၆၀ ဆွဲဆောင်ရန်နှင့် ငွေကြေးသုံးစွဲမှု ဒေါ်လာ ၉၅ ဘီလီယံရှိရန် ရည်မှန်းထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို