နေပြည်တော် ဇန်နဝါရီ ၁၆ 
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ရွှေပြည်သာအားကစားကွင်း၌ ကျင်းပသည့် နာဂရိုးရာ နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
ပြိုင်ပွဲများအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဘော်လီဘော (အမျိုးသား) ပြိုင်ပွဲနှင့် (အမျိုးသမီး) ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့ကြသည့် အသင်းများ၊ ပိုက်ကျော်ခြင်း (အမျိုးသား) သုံးယောက်တွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့ကြသည့် အသင်းများ၊ မီနီမာရသွန်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိခဲ့ကြသည့် အားကစားသမားများကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ဘော်လီဘောပြိုင်ပွဲများကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်မှ ၁၄ ရက်အထိကျင်းပခဲ့ရာ ဘော်လီဘော (အမျိုးသား) ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း (၁၂) သင်းနှင့် (အမျိုးသမီး) ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း (၄) သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပိုက်ကျော်ခြင်းပြိုင်ပွဲများကို ဇန်နဝါရီ ၁၀ ရက်မှ ၁၄ ရက် အထိ ကျင်းပခဲ့ရာ ပိုက်ကျော်ခြင်း (အမျိုးသား) သုံးယောက်တွဲပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း (၂၀) ဝင်ရောက်ယှဉ်ပြိုင်၍နှင့် မီနီမာရသွန်ပြိုင်ပွဲကို ဇန်နဝါရီ ၁၄ ရက်ကကျင်းပခဲ့ရာ ပြိုင်ပွဲဝင်ဦးရေ (၁၂၃) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့ပြင် ရွှေပြည်သာအားကစားကွင်း၌ ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများအဖြစ် ချောတိုင်တက်ပြိုင်ပွဲနှင့် လွန်ဆွဲပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ရာ နာဂရိုးရာ နှစ်သစ်ကူးပွဲတော်သို့ လာရောက်ကြသည့် မျိုးနွယ်စုများ ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲ ခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အားကစားကွင်း၊ အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားကာ စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်