နေပြည်တော် ဇန်နဝါရီ ၁၆
၂၀၂၅ခုနှစ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဆပ်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက ပြည်ထောင်စုနေ့ အခမ်းအနားသည် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သည့်အတွက် ဆပ်ကော်မတီဝင်များအနေဖြင့် မိမိတို့ လုပ်ငန်းတာဝန်များကို အလေးအနက်ထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဆပ်ကော်မတီ၏ အဓိကလုပ်ငန်းတာဝန်ဖြစ်သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကိစ္စများကို လစ်ဟာမှုမရှိစေရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်မည့်ယာဉ်များ၏ ကြံ့ခိုင်ရေးနှင့် သန့်ရှင်းမှုရှိစေရေးတို့ကို ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ဆပ်ကော်မတီဝင်များနှင့် အထူးဖိတ်ကြားထားသည့် ဆက်စပ် ဆပ်ကော်မတီများမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်