၈  မတ်

 

ဗြိတိန်နိုင်ငံရဲ့ ဘရီးဇစ်ညှိနှိုင်းရေးမှူးတွေဟာ ရှေ့မတိုးသာနောက်မဆုတ်သာဖြစ်နေတဲ့ ဥရောပမှ ဗြိတိန်နုတ်ထွက်ရေး ကိစ္စကို ပြီးဆုံးဖို့ ဥရောပသမဂ္ဂရဲ့ ပံ့ပိုးကူညီမှုရရှိအောင် ကြိုးစားနေချိန်မှာ တစ်ဖက်ကလည်း ဥရောပမှ ဗြိတိန်ခွဲထွက်ရေး ဘရီးဇစ်ကိစ္စဟာ တကယ့်ကို ခက်ခဲတဲ့အချိန်ကို ရောက်ရှိလို့ နေပြန်ပါတယ်။ ဗြိတိန်ရှေ့နေချုပ် ဂျီအိုဖရေးကော့စ်နဲ့ ဘရီးဇစ်ဝန်ကြီး စတီဗင်ဘားကလေးတို့ဟာ အီးယူထိပ်တန်းညှိနှိုင်းရေးမှူး မိုက်ကယ်ဘာနီယာနဲ့ တွေ့ဆုံခဲ့ပြီး ဆွေးနွေးခဲ့ကြတယ်လို့ အီးယူအရာရှိတစ်ဦးက အတည်ပြုပြောကြားခဲ့ပါတယ်။ ဒါဟာ နှစ်ဖက်အဖွဲ့တွေ ဘရီးဇစ်အရေး စဉ်းစားရကျပ်နေချိန်မှာ အခုလို တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

 

မပြီးဆုံးနိုင်တဲ့သဘော

 

ဥရောပသမဂ္ဂကတော့ ဘရီးဇစ်အရေးအောင်မြင်စွာ ပြီးဆုံးနိုင်ရေးကူညီဖို့ရန် အဆင်သင့်ဖြစ်နေတယ်လို့ မတ် ၂ ရက်တွင် ဘာနီယာက ပြောပါတယ်။ ဘရီးဇစ်အရေးနဲ့ပတ်သက်ပြီး ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေနဲ့ ပါလီမန်ကြား ညှိနှိုင်းမှုတွေ လုပ်ဆောင်လျက်ရှိပြီး မပြီးဆုံးနိုင်တဲ့သဘော ကိုလည်း တွေ့ရပါတယ်။

 

ထို့အတူ အီးယူထိပ်တန်းညှိနှိုင်းရေးမှူး မိုက်ကယ်ဘာ နီယာက ဥရောပခေါင်းဆောင်တွေကို အီးယူမှ ဗြိတိန်ထွက်ခွာရေး အစီအစဉ်ရေးဆွဲထားတဲ့ မတ် ၂၉ ရက်မတိုင်မီအခုလို နှောင့်နှေးကြန့်ကြာမှုတွေကို အဆင်ပြေပြေ လက်ခံပေးဖို့လည်း အကြံပြုထားတယ်လို့ ဆိုပါတယ်။

 

မျှော်လင့်နိုင်တော့မယ်

 

“အီးယူမှ ဗြိတိန်ထွက်ခွာရေး သဘောတူညီချက်တစ်ခုရဖို့ ခက်ခက်ခဲခဲလုပ်ဆောင်ရမယ်ဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်ထားပါတယ်” ဟု ဘားကလေးက ဘရပ်ဆဲလ်ကို ထွက်ခွာသွား တဲ့ အစိုးရထိပ်တန်းရှေ့နေ ကော့စ်ကို တက်တွဲပြီး တွစ်တာမှာ ဖော်ပြထားပါတယ်။ အီးယူမှ ဗြိတိန်ထွက်ခွာနိုင်ရေး ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ သူ့အနေနဲ့ ဘရပ်ဆဲလ်ကို ထွက်ခွာသွားတာပဲဖြစ်ပါတယ်။

 

ဗြိတိန်အရေးမှာ ဘာနီယာရဲ့ချဉ်းကပ်မှုဟာ နှစ်ဖက်စလုံးအတွက် အဖြေတစ်ခုရှိရမယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ထွန်းလင်းစေပါတယ်။ ထို့အတူပဲ မတင်မကျဖြစ်နေတဲ့ အိုင်းရစ်နယ်စပ်အရေးလည်း မဝေးတော့တဲ့အနာဂတ်မှာ ဖြေရှင်းနိုင်ဖို့ မျှော်လင့်နိုင်တော့မှာပဲဖြစ်ပါတယ်။

 

နှစ်ဖက်စလုံးအတွက် ဒီအခြေအနေဟာ အရေးကြီးတဲ့အချိန်ဖြစ်နေပါတယ်။ အဆင်ပြေပြေညှိနှိုင်းနိုင်ဖို့ အတော်လိုအပ်ပါတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေရဲ့ ပြောရေး ဆိုခွင့်ရှိသူက မတ် ၅ ရက်တွင် ပြောပါတယ်။

 

စောင့်ကြည့်သွားရမယ်

 

ဘရီးဇစ်အရေး ကော့စ်ရဲ့တည်ရှိမှုဟာ အလယ်မှနေပြီး ထိန်းညှိပေးမယ့် သဘောပဲဖြစ်ပါတယ်။ ကော့စ်ဟာ ဘရီးဇစ် သဘောတူညီမှုမှာ ဥပဒေဆိုင်ရာ ထင်မြင်ချက်တွေကိုကမ်းလှမ်းပေးမယ့်သူဖြစ်သလို အိုင်းရစ်နယ်စပ်အရေးနဲ့ပတ်သက်ပြီး ချီတုံချတုံဖြစ်နေတဲ့ အခြေအနေကို အဓိက ဥပဒေပညာရှင်တွေက ဆုံးဖြတ်ရမယ့် သဘောလည်းဖြစ်ပါတယ်။

 

အီးယူအဖွဲ့ဝင် အိုင်ယာလန်နဲ့ ဗြိတိန်မြောက်ပိုင်း အိုင်ယာလန်တို့ကြား တည်ရှိနေတဲ့ နယ်စပ်ကို ဖွင့်ထားပေးခြင်းဟာ ဘရီးဇစ်အရေး မတင်မကျဖြစ်နေတဲ့ အိုင်းရစ်နယ်စပ်အရေးနဲ့ ပတ်သက်ပြီး အာမခံချက်ပေးမယ့် မူဝါဒပဲဖြစ်လာမလား ဆိုတာကိုတော့ စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ အရေးကြီးဆုံးဆွေးနွေးရမယ့် အချက်ကတော့ အိုင်ယာလန် သမ္မတနိုင်ငံနဲ့ မြောက်ပိုင်းအိုင်ယာလန်ကြား အနာဂတ်မှာဖြစ်လာမယ့် နယ်စပ်သတ်မှတ်ရေးကိစ္စပဲ ဖြစ်ပါတယ်။

 

မတင်မကျဖြစ်နေသေး

 

ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ပြီးတဲ့အခါမှာတော့ အဲဒီနယ်စပ်ဟာ ဥရောပသမဂ္ဂနဲ့ ဗြိတိန်နိုင်ငံကြား ကုန်းပိုင်း နယ်နိမိတ်ထိစပ်တဲ့ တစ်ခုတည်းသောနေရာဖြစ်လာမှာဖြစ် ပါတယ်။ အိုင်ယာလန် သမ္မတနိုင်ငံဟာ ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်လာမှာဖြစ်ပြီး မြောက်ပိုင်း အိုင်ယာလန်ကတော့ အင်္ဂလန်ထဲမှာပဲ ဆက်လက်ကျန်ရှိနေမှာ ဖြစ်ပါတယ်။

 

ထရီဆာမေကလည်း ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ပြီး တဲ့အခါ အိုင်းရစ်နယ်စပ်ကို ဘယ်လိုဆက်လက်ဖွင့်ထား မလဲဆိုတာနဲ့ ပတ်သက်ပြီး လန်ဒန်နဲ့ ဘရပ်ဆဲလ်ကြား ညှိနှိုင်းမှုမှာ မလူးသာမလွန့်သာ ဘေးကျပ်နံကျပ် ချောင်ပိတ်မိနေတဲ့ အခြေအနေကို ကျော်လွှားချင်တဲ့ပုံပါပဲ။

 

ပုံမှန်အားဖြင့် ဗြိတိန်ဟာ မတ်လမှာ ဥရောပသမဂ္ဂမှခွဲထွက်မှုတွေ လုပ်ဆောင်ပြီးနောက် ဥရောပသမဂ္ဂနဲ့ ဆက်လက်ပြီး တစ်ပူးပူးတစ်တွဲတွဲ ဖြစ်နေမှာကို ဗြိတိန်ခွဲထွက်ရေးလိုလား သူတွေက စိုးရွံ့နေကြပါတယ်။ ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရေးကိစ္စဟာ အတော်လေး ခရီးပေါက်နေပြီဖြစ်ပါတယ်။ သို့သော်လည်း မတင်မကျကိစ္စရပ်တွေ ရှိနေသေးတာကို တွေ့မြင်နေရပါသေးတယ်။

 

သဘောတူမှုတွေ ရရှိလာ

 

ဘယ်လိုပဲဖြစ်ပါစေ။ ဘရီးဇစ်အရေးကို အောင်မြင်စွာ ညှိနှိုင်းနိုင်ဖို့တော့လိုပါတယ်။ သို့မဟုတ် သဘောတူညီချက်မရဘဲ ထွက်ခွာသွားရမယ့်သဘောကို တွေ့ရပါတယ်။ ဥရောပ သမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရေးအတွက် ၂၀၁၆ ခုနှစ်ကလုပ်ခဲ့တဲ့ လူထုဆန္ဒခံယူပွဲမှာ ထောက်ခံမဲအများစုနဲ့ ခွဲထွက်ရေး အတည်ဖြစ်ခဲ့ပေမယ့်လည်း အဲဒီလို နုတ်ထွက်တဲ့အတွက်ကြောင့် ငွေကြေးပိုင်းဆိုင်ရာ ဆုံးရှုံးနစ်နာမှုတွေနဲ့ ရှုပ်ထွေးနေသေးတဲ့ အချက်အလက်အသစ်တွေ ဆက်လက်ရှိနေသေးတယ်လို့ သိရပါတယ်။

 

ဗြိတိန်နိုင်ငံဟာ ၂၀၁၉ ခုနှစ် မတ်လ ၂၉ ရက်နေ့မှာ ဥရောပသမဂ္ဂမှခွဲထွက်ဖို့ ရက်သတ်မှတ်ခဲ့ပေမယ့်လည်း နုတ်ထွက်ရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းဆွေးနွေးမှုတွေမှာ ခရီးဆုံးတိုင် မရောက်သေးတာကို တွေ့မြင်ရပါတယ်။ ဘရီးဇစ်အရေး နှစ်ပေါက်အောင် ဆွေးနွေးလာခဲ့တာဟာ အခုဆိုရင်တော့ ဆုံးခန်းတိုင်ရောက်တော့မှာ ဖြစ်ပေမယ့်လည်း စပိန်နဲ့ဂျီဘရယ်လ်တာအရေး၊ ဆိုက်ပရက်စ်နဲ့ပတ်သက်ပြီး အင်္ဂလန်ရဲ့စစ်အခြေစိုက်စခန်းအရေးတွေကို ခက်ခက်ခဲခဲ ဆွေးနွေးခဲ့ရတာ ဖြစ်ပါတယ်။ မိမိတို့အနေနဲ့ လုံခြုံရေး၊ ပို့ဆောင်ရေးနဲ့၊ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး အနာဂတ် ဆက်ဆံရေးအပိုင်းမှာ ကျယ်ပြန့်တဲ့ သဘောတူညီမှုတွေ ရရှိလာပြီဖြစ်ကြောင်း ထရီဆာမေက ပြောခဲ့ပါတယ်။

 

လုံးဝပြီးဆုံးတော့မယ်

 

သို့သော်လည်း အိုင်ယာလန်ကိစ္စနဲ့ ပတ်သက်ရင်တော့သူ့အနေနဲ့ ပါတီတွင်း လွှတ်တော်အဖွဲ့ဝင်တွေနဲ့ ညှိနှိုင်းရဦးမှာဖြစ်ပြီး အီးယူရဲ့ လတ်တလောတင်ပြထားတဲ့ အဆိုပြုချက်နဲ့ ပတ်သက်ပြီးတော့ လိုက်လျောလက်ခံလို့ မရသေးဘူးလို့တော့ ဆိုပါတယ်။ “ကျွန်မအရင်ကတင်ပြခဲ့သလိုပဲ အီးယူရဲ့ ဟိုးအရင်က တင်ပြခဲ့တဲ့ အဆိုပြုချက်နဲ့ ပတ်သက်ပြီး လက်မခံနိုင်သေးပါဘူး။ သူတို့ပြောသလိုဆို အိုင်းရစ်ပင်လယ်တစ်လျှောက် အကောက်နယ်စပ်တွေ ဖန်တီးပေးရမှာဖြစ်ပြီး အဲဒါက အင်္ဂလန်ရဲ့ တည်တံ့ခိုင်မြဲမှုကို ချိုးဖျက်လိုက်သလိုဖြစ်သွားနိုင်တယ်” ဟု ထရီဆာမေက ပြောခဲ့ပါတယ်။

 

“သမိုင်းအဆက်ဆက် ခေတ်အဆက်ဆက် အင်္ဂလန်ဝန်ကြီးချုပ်တွေ အနေနဲ့လည်း လက်ခံမယ်လို့ မထင်သလို ကျွန်မလည်း လက်မခံပါဘူး” ဟု သူက ဆက်လက်ပြောခဲ့ပါတယ်။

 

ပြင်သစ်နိုင်ငံရဲ့ ဥရောပဝန်ကြီး နာတာလီလိုက်ဆီက ဥရောပအနေနဲ့ ဘရီးဇစ်အရေးမှာ တိကျတဲ့ အဖြေရရှိဖို့ လိုအပ်ပါတယ်။ ဘာပြီးရင် ဘာဆက်လုပ်ရမယ်မှန်းမသိတဲ့ ခဏခဏ ပျောက်ပျက်သွားမယ့် ယာယီဆောင်ရွက်မှုမျိုးတော့ မလိုချင်ပါဘူးလို့ ပြောခဲ့ပါတယ်။ ဥရောပမှ ခွဲထွက်ရေး ဆန္ဒမဲပေးခဲ့သော်လည်း တကယ်တမ်းတော့ ဗြိတိသျှလူမျိုးတွေဟာ ဘရီးဇစ်အရေးနဲ့ပတ်သက်ပြီး နှစ်ခြမ်းကွဲနေပါသေးတယ်။ ဘရီးဇစ်အရေးဟာ ပြီးဆုံးတော့မယ့် အခြေအနေကို တဖြည်းဖြည်း ရောက်ရှိလာပြီဖြစ်ပါတယ်။ သို့သော်လည်း ဆက်လက်ဆွေးနွေးညှိနှိုင်းရမယ့် ကိစ္စလေးတွေ အနည်းငယ်ကျန်ရှိနေ သေးပါတယ်။ နှစ်ဖက်အဖွဲ့တွေရဲ့ ညှိနှိုင်းမှုတွေ အဆင်ပြေသွားမယ်ဆိုပါက မကြာမီ အချိန်အတွင်းမှာ ခက်ခဲတဲ့ ဘရီးဇစ်အရေးဟာ လုံးဝပြီးဆုံးတော့မှာပဲဖြစ်ပါတယ်။ ။

 

ထွန်းသစ်စ

 

ကိုးကား-အေအက်ဖ်ပီ