နေပြည်တော် ဇန်နဝါရီ ၁၆
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းနှင့် အလယ်တန်းဆင့် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ (ဗဟိုအဆင့်) ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။
ဆုချီးမြှင့်ပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်းနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ၊ ကြီးကြပ်ဆရာ၊ ဆရာမများ၊ မိဘ၊ အုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဆုချီးမြှင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက အနာဂတ်ခေါင်းဆောင် ကျောင်းသားလူငယ်များကို အသိပညာရှင်၊ အတတ်ပညာရှင်များ ဖြစ်လာစေရန် လိုအပ်သည့် အရည်အသွေးများအနက် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည် မြင့်မားရေးသည် အရေးကြီးပါကြောင်း။
အနာဂတ်နိုင်ငံတော်ကို ဦးဆောင်ကြမည့် ကျောင်းသားလူငယ်များကို နိုင်ငံတကာသုံး ဘာသာစကားဖြစ်သည့် အင်္ဂလိပ်စာဘာသာစကား စွမ်းရည်များ တိုးတက်လာစေရန်နှင့် စဉ်းစားတွေးခေါ်ဉာဏ် ရင့်သန်ပြီး သင်္ချာ ဘာသာရပ်ဆိုင်ရာ ဉာဏ်ရည်တိုးတက်စေရန် ရည်ရွယ်၍ နှစ်စဉ် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများကို နှစ်စဉ် ကျင်းပပေးရခြင်း ဖြစ်ကြောင်း၊ နိုင်ငံတကာ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည် ပြိုင်ပွဲများအထိ ဝင်ရောက် ယှဉ်ပြိုင်ရေး ရည်မှန်းချက်ထား ကြိုးစားကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများသည် Grade-5, Grade-6, Grade-7, Grade-8 နှင့် Grade-9 အခြေခံပညာမူလတန်းနှင့် အလယ်တန်းဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ဆုများ ပေးအပ်ချီးမြှင့်ပြီး ကျောင်းသားကျောင်းသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသားမိဘများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။
ယင်းနောက် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများ၏ ဖြေဆိုမှုနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် အတန်းအလိုက် ပထမဆု ရွေးချယ်ခံရသည့် ကျောင်းသား၊ ကျောင်းသူများက အင်္ဂလိပ်စာစွမ်းရည်ကို ပြသတင်ဆက်ကြကြောင်း သိရသည်။
သတင်းစဉ်


