ရန်ကုန်မြို့ ဇန်နဝါရီ ၁၆
 မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့၏ (၇၃) ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ (ရန်ကုန်) ၌ ကျင်းပပြုလုပ်ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာနုမြဇံနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တဦးပညိန္ဒနှင့် အဖွဲ့ဝင် ပညာရှင်ကြီးများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက မြန်မာပြက္ခဒိန်သည် သာသနာ့ဝန်ကို ထမ်းဆောင်တော်မူကြသည့် ရဟန်း၊ သံဃာတော်များအတွက် ဝိနည်းတော်နှင့်အညီ ဝါဆို၊ ဝါကပ်ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် အရေးပါသည့် သတ်မှတ်ချက်တစ်ခု ဖြစ်ကြောင်း၊ မြန်မာ-အင်္ဂလိပ်-ရခိုင် မူမှန်ပြက္ခဒိန်ရေးဆွဲရေးနှင့် မဟာသင်္ကြန်စာရေးသားပြုစုရေးတို့ကို ပညာရှင်ကြီးများအနေဖြင့် နှစ်စဉ်ဆောင်ရွက်ကြသည့်အတိုင်း ဝိုင်းဝန်းကြိုးပမ်း ပြုစုရေးဆွဲနိုင်ရေး ပန်ကြားလျှောက်ထားသည်။
ထို့နောက် မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တ ဦးပညိန္ဒက အဖွင့်အမှာစကား မိန့်ကြားတော်မူပြီး အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက (၇၃) ကြိမ်မြောက် မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ မျက်နှာစုံညီအစည်းအဝေးနှင့် စပ်လျဉ်း၍ လျှောက်ထားရှင်းလင်းတင်ပြသည်။
ယင်းနောက် မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ အဖွဲ့ဝင်ဆရာကြီးများက အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြကြပြီး ဥက္ကဋ္ဌဆရာတော်က လိုအပ်သည်များကို ပြန်လည်မိန့်ကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်