နေပြည်တော် ဇန်နဝါရီ ၁၆
တပ်မတော် (လေ) ၏ လေယာဉ်မောင်းသင်တန်း အမှတ်စဉ် (၈၆) ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မိတ္ထီလာမြို့၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် တက်ရောက်မိန့်ခွန်းပြောကြားသည်။
အဆိုပါအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ စစ်ဦးစီးအရာရှိချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကိုထိုက်၊ တပ်မတော် (လေ) မှ အရာရှိကြီးများ၊ မိတ္ထီလာတပ်နယ်မှ အရာရှိကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက စစ်ရေးပြကွင်းအတွင်း ချီတက်နေရာယူကြပြီး နိုင်ငံတော်အလံအား အလေးပြုကြသည်။
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ် (လေ) ရောက်ရှိလာပြီး ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူ၍ ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများကို စစ်ဆေးသည်။
ချီတက်အလေးပြုကြ
ထို့နောက် ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက ကာကွယ်ရေးဦးစီးချုပ် (လေ) အား အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြုကြသည်။
ယင်းသို့ တပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြစဉ် နည်းပြလေသူရဲများက အမောင်းသင်လေယာဉ်များ၊ အမောင်းသင်ရဟတ်ယာဉ်များဖြင့် အုပ်ဖွဲ့ပျံသန်း၍ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်အား အလေးပြုကြသည်။
ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်က ကျောင်းဆင်းအရာရှိများအား လေသူရဲတောင်ပံများကို တစ်ဦးချင်းအပ်နှင်းသည်။
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ် (လေ) က လေယာဉ်မောင်းသင်တန်းအမှတ်စဉ် (၈၆) မှ စံပြလေသူရဲဆုနှင့် လေယာဉ်မောင်း ထူးချွန်ဆုရလေ ၄၅၄၄ ဗိုလ်ဆက်နိုင်လွင်အား လည်းကောင်း၊ စာပေထူးချွန်ဆုရလေ ၄၅၈၈ ဗိုလ်ဒေါ်ယုဇနထွန်းအား လည်းကောင်း ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။
မျှော်မှန်းချက်ကြီးမားစွာထားရှိ
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်က သင်တန်းဆင်းမိန့်ခွန်းပြောကြားရာတွင် လေသူရဲများဖြစ်လာအောင် လေ့ကျင့်ပေးရာတွင် နိုင်ငံတော်အနေဖြင့် မျှော်မှန်းချက်ကြီးမားစွာထားရှိပြီး အချိန်ပေါင်းများစွာ၊ အရင်းအမြစ်ပေါင်းများစွာ၊ ငွေပေါင်းများစွာ အကုန်အကျခံ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်၏ မျှော်မှန်းချက်များ အကောင်အထည်ပေါ်လာရေးအတွက် မိမိကိုယ် မိမိတန်ဖိုးထားပြီး ကြိုးပမ်းတာဝန်ထမ်းဆောင်သွားကြရန် မှာကြားလိုကြောင်း။
သင်တန်းဆင်းပြီးနောက် သက်ဆိုင်ရာပျံသန်းရေးအုပ်များကို ရောက်ရှိသွားချိန်တွင် တစ်ဦးချင်းအနေဖြင့် ပျံသန်းရေးနှင့် စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်ရမည်ဖြစ်ပြီး အရာရှိများဖြစ်သည့်အတွက် ခေါင်းဆောင်မှုတာဝန်များကိုပါ ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် လက်အောက်ငယ်သားများ၏ ရိုသေလေးစားမှု၊ ယုံကြည်ကိုးစားမှု၊ သစ္စာရှိစွာ လိုက်ပါလုပ်ဆောင်မှုတို့ ရရှိလာအောင် ခေါင်းဆောင်မှုအင်္ဂါရပ် ၁၆ ရပ်နှင့်အညီ ကြိုးပမ်းတည်ဆောက်ကြရမည်ဖြစ်ပြီး ရည်မှန်းချက်တာဝန်များကိုပါ ပြီးမြောက်အောင်မြင်အောင် ထမ်းဆောင် နိုင်စွမ်းရှိသည့် ခေါင်းဆောင်ကောင်းများဖြစ်လာမည် ဖြစ်ကြောင်း၊ စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်တိုက်ပွဲဝင်ရာတွင်ဖြစ်စေ၊ လေ့ကျင့်ရေး၊ အုပ်ချုပ်ရေးနှင့် အခြားတာဝန်များကို ထမ်းဆောင်ရာတွင်ဖြစ်စေ၊ စိတ်ဓာတ်မြင့်မားခိုင်မာနေမှသာ ပေးအပ်သည့် လုပ်ငန်းတာဝန်များကို အောင်အောင်မြင်မြင် အကောင်အထည်ဖော် ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ လေယာဉ်/ ရဟတ်ယာဉ်များကို မောင်းနှင်ပျံသန်း တိုက်ပွဲဝင်ကြရမည့်သူများအနေဖြင့် တိုက်ပွဲဝင်လို စိတ်၊ စစ်အောင်လိုစိတ် အမြဲမြင့်မားနေရမည်ဖြစ်ပြီး စိတ်ဓာတ်ကြံ့ခိုင်ကောင်းမွန်အောင်၊ ခံယူချက် ယုံကြည်ချက် မြင့်မားခိုင်မာနေအောင် ကြိုးစားလေ့ကျင့်တည်ဆောက်သွားကြရန် မှာကြားလိုပါကြောင်း။
မှန်ကန်မြန်ဆန်သည့် ဆုံးဖြတ်ချက်များချမှတ်
မြန်မာနိုင်ငံသား တပ်မတော်သားလေသူရဲများ ဖြစ်သည့်အတွက် နိုင်ငံတော်က ထုတ်ပြန်ထားသော ဥပဒေစည်းမျဉ်းစည်းကမ်းများ၊ တပ်မတော်က ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ၊ ဒေသန္တရအမိန့်များ၊ လုပ်ထုံးလုပ်နည်းများကို အပြည့်အဝ လိုက်နာစောင့်ထိန်းရမည်ဖြစ်ပြီး ပျံသန်းရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များကိုလည်း အတိအကျ လိုက်နာလုပ်ဆောင်ကြရမည် ဖြစ်ကြောင်း၊ စွမ်းဆောင်ရည်မြင့်မားပြီး တိုက်စွမ်းရည်ပြည့်ဝသည့် လေသူရဲကောင်းများဖြစ်လာစေရန် ပျံသန်းရေးနှင့်လုပ်ငန်းခွင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ကန့်သတ်ချက်၊ သတ်မှတ်ချက်များကို ခြွင်းချက်မရှိ အတိအကျ လိုက်နာစောင့်ထိန်းကြရန် မှာကြားလိုကြောင်း၊ လေသူရဲတစ်ဦးအတွက် ကျန်းမာရေးကောင်းမွန်ရန်၊ ကိုယ်ခန္ဓာကြံ့ခိုင်မှုရှိရန် လွန်စွာအရေးကြီးကြောင်း၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်နေမှသာ စိတ်ဓာတ်ခွန်အား ကောင်းမွန်မြင့်မားပြီး မှန်ကန်မြန်ဆန်သည့် ဆုံးဖြတ်ချက်များချမှတ်နိုင်ကာ ပေးအပ်သည့် စစ်ဆင်ရေးနှင့် ပျံသန်းရေးတာဝန်များကို နေရာအချိန်အခါမရွေး အင်ပြည့်အားပြည့် ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း။
လက်တွေ့အသုံးချနိုင်ရေးကြိုးစား
လေကြောင်းအာကာသနယ်ပယ်တွင်လည်း လေကြောင်းစွမ်းအားစုများသည် စစ်ပွဲအောင်နိုင်ရေးအတွက်သာမက နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထု၏ လူနေမှုဘဝအေးချမ်းတိုးတက် ပြည့်စုံရေးအတွက်ပါ ဘက်ပေါင်းစုံက အထောက်အကူများစွာပြုလျက်ရှိကြောင်း၊ လေကြောင်းစွမ်းအားစုများ၏ အခြေခံလိုအပ်ချက်ဖြစ်သည့် သိပ္ပံနည်းပညာရပ်များ၊ စစ်နည်းဗျူဟာများ၊ စစ်ဆင်အသုံးချမှု နည်းလမ်းများလည်း အချိန်နှင့်အမျှ တိုးတက်ဖွံ့ဖြိုး ပြောင်းလဲဖြစ်ပေါ်လျက်ရှိကြောင်း၊ ယခင်က Supersonic နည်းပညာသည် ရှေ့တန်းက ရှိခဲ့ရာမှ ယခုအခါ Hypersonic အဆင့်သို့ တက်လှမ်းနေပြီဖြစ်ကြောင်း၊ ခေတ်မီအဆင့်မြင့်သိပ္ပံနှင့်နည်း ပညာများ၊ စစ်နည်းဗျူဟာနှင့် စစ်ဆင်မှုနည်းလမ်းများကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးနေကြရန်နှင့် လက်တွေ့အသုံးချနိုင်ရေး ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်း
ယခုအခါ လေသူရဲတောင်ပံအပ်နှင်းခံရပြီး သက်ဆိုင်ရာပျံသန်းရေးအုပ်အသီးသီးတွင် စစ်ဆင်ရေးနှင့် လေ့ကျင့်ရေးအပါအဝင် ပျံသန်းရေးတာဝန်အမျိုးမျိုးကို နောင်တော်လေသူရဲများနှင့် လက်တွဲကာ စတင်ထမ်းဆောင်ကြရတော့မည်ဖြစ်သောကြောင့် ပျံသန်းရေးတာဝန်များသာမက ပေးအပ်လာမည့် အခြားသော လုပ်ငန်းတာဝန်များကိုလည်း ကျေပွန်အောင် ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ တပ်မတော် (လေ) ၏ ကောင်းမွန်မြင့်မြတ်သည့် အစဉ်အလာများ၊ နောင်တော် လေသူရဲများ၏ စွန့်လွှတ်စွန့်စားမှုနှင့် ကျွမ်းကျင်ပိုင်နိုင်မှုများ၊ ပျံသန်းရေး၊ စက်မှုလက်မှုနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်ကြီး ၃ ရပ်က ဝိုင်းဝန်းပံ့ပိုး တာဝန်ထမ်းဆောင်နေကြသည့် တပ်မတော် (လေ) စစ်သည်တော်အပေါင်း၏ ကိုယ်ကျိုးစွန့် အနစ်နာခံမှုများကို စောင့်ထိန်းစံပြု ဥပမာယူပြီး ကိုယ်တိုင်လည်း နိုင်ငံတော်နှင့်တပ်မတော်က အားထားရမည့် လေသူရဲကောင်းများ ဖြစ်လာအောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်သွားကြရန် အလေးအနက်ထား မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
မိဘများအား တွေ့ဆုံ
ထို့နောက် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်သည် ဝေဟင်မှ အုပ်ဖွဲ့ပျံသန်းအလေးပြုခဲ့ကြသည့် နည်းပြလေသူရဲများအား ဂုဏ်ပြုနှုတ်ဆက်ကာ ကျောင်းဆင်းအရာရှိများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့သည်။ ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်သည် လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ် လေကြောင်းစစ်ဆင်ရေး သင်တန်းကျောင်းဧည့်ခန်းမ၌ ထူးချွန်ဆုရရှိသည့် ကျောင်းဆင်းအရာရှိများနှင့် မိဘများအားတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ဆက်လက်တာဝန်ပေးအပ်သွားမည်
ယနေ့ လေသူရဲတောင်ပံအပ်နှင်းခြင်းခံရသူ ကျောင်းဆင်းအရာရှိများအနေဖြင့် သက်ဆိုင်ရာ လေယာဉ်/ ရဟတ်ယာဉ်အလိုက် ပျံသန်းရေးအုပ်များတွင် ဆက်လက် တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ညပိုင်းတွင် လေယာဉ်မောင်းသင်တန်း အမှတ်စဉ် (၈၆) ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲ ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် ဇနီး၊ စစ်ဦးစီးအရာရှိချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်နှင့် ဇနီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကိုထိုက်နှင့်ဇနီး၊ တပ်မတော် (လေ) မှ အရာရှိကြီးများနှင့် ဇနီးများ၊ မိတ္ထီလာတပ်နယ်မှအရာရှိကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဂုဏ်ပြုညစာစားပွဲကျင်းပနေစဉ် ကျောင်းဆင်းအရာရှိများနှင့် တပ်မတော် (လေ) မိသားစုဝင်များက တပ်မတော် (လေ) တေးဂီတအဖွဲ့နှင့် တွဲဖက်၍ အဆို၊ အကများဖြင့် ဧည့်ခံဖျော်ဖြေကြသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ညစာစားပွဲအခမ်းအနားအပြီးတွင် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်သည် ကျောင်းဆင်းအရာရှိများနှင့် ၎င်းတို့၏ မိဘဆွေမျိုးများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


