၈  မတ်

 

“ဗုဒ္ဓဟောတော်မူတဲ့ ဒေသနာတော်တွေက နိုင်ငံရေး ဒဿနကိုအခြေခံပြီး ဟောထားတာမဟုတ်ဘူး။ ပြီးတော့ လောကီဥစ္စာစည်းစိမ်တွေကို လူတွေရရှိခံစားဖို့အတွက် ဟောထားတာလည်းမဟုတ်ဘူး။ နိဗ္ဗာန်ရောက်ဖို့ နည်းလမ်းကို ညွှန်ပြထားတာပဲ။ တစ်နည်းပြောရရင်လူတွေကိုလောကီထောင်ကြီးထဲချထားတဲ့ တဏှာကိုအပြီးတိုင် သတ်ပစ်ဖို့ဟောတာ။ တဏှာသတ်တရားလို့ ကင်ပွန်းတပ်လို့ရတယ်။

 

အဲဒါဓမ္မပဒမှာ အညာဟိ လာဘူပနိသာ၊ အညာ နိဗ္ဗနဂါမိနီ၊ လောကီစည်းစိမ်ဥစ္စာတွေရကြောင်း လမ်းကတစ်လမ်း၊ နိဗ္ဗာန်ရောက်ကြောင်းလမ်းက တစ်လမ်းဆိုပြီး လမ်းနှစ်လမ်းဆန့်ကျင်နေပုံကို အနှစ်ချုပ်ဖော်ပြထားတယ်။ အဲဒါဗုဒ္ဓဘာသာဝင်တွေအနေနဲ့ နိုင်ငံရေးအလုပ်တွေကို မလုပ်ရဘူးလို့ ဆိုလိုတာမဟုတ်ဘူးနော်။

 

လူ့အဖွဲ့အစည်းထဲမှာ ရှင်သန်နေထိုင်ကြသူတိုင်းကို မိမိတို့နေထိုင်နေတဲ့ လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ တရားဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ စီးပွားရေးအစီအမံတွေက ပုံဖော်ထားတာ။ မိမိတို့နေထိုင်တဲ့ လူ့အဖွဲ့အစည်းက ပြဋ္ဌာန်းထားတဲ့ နိုင်ငံရေး စနစ်ကအုပ်ချုပ်တာ။ ဗုဒ္ဓဘာသာဝင်တွေဟာ နိုင်ငံရေးလုပ်ချင်ရင် လုပ်နိုင်တယ်။

 

ဒါပေမယ်လို့ နိုင်ငံရေးအာဏာရဖို့အတွက်ဘာသာရေးကို အသုံးမချသင့်ဘူး။ ခုတုံးမလုပ်သင့်ဘူး၊ လောကီကိစ္စကို ခဝါချပြီး ဘာသာရေးအလုပ်ကိုလုပ်နေသူ ရဟန်းသာမဏေတွေကို နိုင်ငံရေးထဲပါလာအောင်၊ နိုင်ငံရေးလုပ်ချင်အောင် အကြံမပေးသင့်ဘူး။ မတိုက်တွန်းသင့်ဘူး၊ ဖိအားမပေးသင့်ဘူး။” [ဤသည်မှာ ၂၇-၂-၂၀၁၉ ရက်နေ့ထုတ် စံတော်ချိန် နေ့စဉ်၏ စာမျက်နှာ ၉ တွင် ဖော်ပြပါရှိသော အရှင်ဝိစိတ္တသာရ (သာသနာ့တက္ကသိုလ်) ပြုစုရေးသားထားသော ဗုဒ ̈ဘာသာဆိုတာဘာလဲ (၆၈) မှ ကောက်နုတ်ထားခြင်း ဖြစ်သည်။ ဆရာတော်အား ဦးခိုက်ကြည်ညိုမိပါ၏ ]

 

ဤတွင် နိုင်ငံရေးနှင့်ဘာသာရေးကိစ္စ ဥပဒေက မည်သို့ပြဋ္ဌာန်းထားသနည်း။ ဥပဒေပြဋ္ဌာန်းချက်များ ကို စောကြောမိသည်။ အနှစ်ချုပ်မျှဝေပါရစေ။

 

ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်

 

၂၀ဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဘာသာရေးနှင့်စပ်လျဉ်း၍ လည်းကောင်း၊ နိုင်ငံရေး လုပ်ရာတွင်ဘာသာရေးကို အလွဲသုံးစားပြုခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်း ဤသို့ပြဋ္ဌာန်းထားသည် -

 

ငြိမ်ဝပ်ပိပြားရေးနှင့် သော်လည်းကောင်း၊ ပြည်သူ့ကိုယ်ကျင့်တရားနှင့် သော်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့် သော်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တို့နှင့် သော်လည်းကောင်း မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာသာသနာရေးတွင် လွတ်လပ်စွာ ယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာ ကိုးကွယ်ဆောက်တည်နိုင်သော အခွင့်အရေးတို့အလိုက် အညီအမျှရရှိစေရမည်။ “ပုဒ်မ ၃၄”

 

ဘာသာသာသနာဆိုင်ရာ ကိုးကွယ်ဆောက်တည်မှုသည် စီးပွားရေး၊ ဘဏ္ဍာရေး၊ နိုင်ငံရေး၊ အခြား လောကီရေးရာများ ဆောင်ရွက်မှုတစ်ခုခုနှင့် ဆက်စပ်နေပါက ပုဒ်မ ၃၄ ပါ ဘာသာသာသနာရေးဆိုင်ရာ လွတ်လပ်ခွင့်များတွင် မပါဝင်စေရပါ။ ထိုသို့ ဘာသာ သာသနာရေးနှင့် စပ်လျဉ်း၍ လွတ်လပ်သော အခွင့်အရေးများကို ပေးထားသော်လည်း အများပြည်သူ အကျိုးကိစ္စနှင့် ပြုပြင်ရေးကိစ္စတို့အတွက် နိုင်ငံတော်၏ ဥပဒေပြဋ္ဌာန်းခြင်းကို မတားမြစ်ရ။ “ပုဒ်မ ၃၆၀ (က)နှင့် (ခ)”

 

နိုင်ငံတော်သည် ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာ ဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် သာသနာတော်ဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုသည်။ (ပုဒ်မ ၃၆၁)

 

နိုင်ငံတော်သည် ခရစ်ယာန်ဘာသာသာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူဘာသာသာသနာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို နိုင်ငံတော်တွင်ရှိနေကြသော ကိုးကွယ်ရာ ဘာသာများဟူ၍ အသိအမှတ်ပြုသည်။ ( ပုဒ်မ ၃၆၂)

 

နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကိုအလွဲသုံးစား မပြုရ။ ထို့အပြင် လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့်သော်လည်းကောင်း၊ တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းတစ်မျိုးမျိုး ပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ် ပေါက်လာရန်အကြောင်းရှိသော အပြုအမူသည် ဤ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ (ပုဒ်မ ၃၆၄)

 

နိုင်ငံရေးပါတီတစ်ခုသည် ဘာသာရေးကိုနိုင်ငံရေးအတွက် အလွဲသုံးစားပြုပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့်မရှိပါ။ (ပုဒ်မ ၄၀၇)

 

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပါပြဋ္ဌာန်းချက်

 

ဘာသာရေးကို နိုင်ငံရေးကိစ္စအတွက် အလွဲသုံးစားပြုသော အဖွဲ့အစည်းတစ်ခုသည် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန်လျှောက်ထားခြင်းကို ခွင့်မပြု ရပါ။ [ပုဒ်မ ၇ (င)]

 

ပါတီတစ်ခု၏ အမည်၊ အလံနှင့် တံဆိပ်တို့ကိုတင်ပြရာတွင် ဘာသာသာသနာနှင့် ယှက်နွှယ်သော အမည်၊ အမှတ်အသား၊ သို့မဟုတ် သင်္ကေတရှောင်ရှား ရပါမည်။ [ပုဒ်မ ၈ (က)]

 

မှတ်ပုံတင်ထားပြီးဖြစ်သော ပါတီတစ်ခုသည်ဘာသာရေးကိုနိုင်ငံရေးအတွက် အလွဲသုံးစားပြုလျှင်နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိပါ။ [ပုဒ်မ ၁၂ (က) (၄)]

 

လွှတ်တော်ရွေးကောက်ပွဲဥပဒေများ ပါပြဋ္ဌာန်းချက် သာသနာ့ဝန်ထမ်းများသည် လွှတ်တော်ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးပိုင်ခွင့် မရှိပါ။ လွှတ်တော်ရွေးကောက်ပွဲများတွင် ရွေးကောက်တင်မြှောက်ပိုင်ခွင့်မရှိပါ။ နိုင်ငံရေးကိစ္စအတွက် ဘာသာ ရေးကို အကြောင်းပြု၍ ဆန္ဒမဲပေးရန်သော် လည်း ကောင်း၊ ဆန္ဒမဲမပေးရန်သော်လည်းကောင်း ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာချက်ထုတ်ပြန်ခြင်းနှင့ ယင်းသို့ပြုလုပ်ရန် အားပေးလှုံ့ဆော်ခြင်းပြုသူ သို့မဟုတ် ယင်းသို့ပြုလုပ်သည့် အဖွဲ့အစည်းဝင်ဖြစ်သူများသည်လည်း လွှတ်တော်ရွေးကောက်ပွဲများတွင် ရွေးကောက် တင်မြှောက်ပိုင်ခွင့်မရှိပါ။ [ပုဒ်မ ၇(က)နှင့် ပုဒ်မ ၁၀ (ဈ၊ ည)]

 

လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူတစ်ဦးသည် သာသနာ့ဝန်ထမ်း အဖြစ်သို့ အမြဲတမ်း ကူးပြောင်းသွားလျှင် သို့မဟုတ်ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုလျှင်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့်မရှိပါ။ [ပုဒ်မ ၁၁(က)နှင့် (ဋ)]

 

ရွေးကောက်ပွဲတစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးသည် မိမိရွေးကောက် တင်မြှောက်ခံရရေးအတွက် ဘာသာရေး အထိမ်းအမှတ်များကို ရွေးကောက်ပွဲတွင် အသုံးပြုခြင်း သို့မဟုတ် လူမျိုးကိုဖြစ်စေ ကိုးကွယ်ရေးဘာသာကိုဖြစ်စေ အကြောင်းပြု မဲပေးရန် သို့မဟုတ် မဲမပေးဘဲနေကြရန် အစီအစဉ်အဖြစ် လှုံ့ဆော်ခြင်းဖြင့် အနိုင်ရရှိခဲ့သော တရားမဲ့ပျက်ကွက်မှုကို ကျူးလွန်ရာ ရောက်သည်။ ယှဉ်ပြိုင်ဘက် လွှတ်တော်ကိုယ်စားလှယ်လောင်းက ကန့်ကွက်လာပါက ပြန်လည်ရှုံးနိမ့်သွားနိုင်သည်။

 

နိုင်ငံရေးဟူသည်

 

နိုင်ငံ့အရေးအရာမှန်သမျှ လုပ်ဆောင်နေခြင်းသည် နိုင်ငံရေးပင်ဖြစ်သည်ဟု ယေဘုယျ နားလည်ခံယူထားပါသည်။ နေ့စဉ်မိမိ၏ပတ်ဝန်းကျင်၊ မိမိရပ်ရွာ၊ မိမိ၏ဒေသကောင်းကျိုးအတွက် လုပ်ဆောင်ပေးနေ သည့် နိုင်ငံရေးဟူသည် ရှိသည်။ နိုင်ငံတော်အာဏာထိ မျှော်မှန်း၍ လုပ်ဆောင်နေကြသည့် နိုင်ငံရေးဟူသည်ရှိသည်။ တစ်ဦးချင်းပြုမူဆောင်ရွက်သည်။ အသင်းအဖွဲ့ဖြင့် ဆောင်ရွက်သည်။ ပါတီတည်ထောင်၍ ဆောင်ရွက်သည်။ ဤတွင် အမျိုးသားနိုင်ငံရေး၊ ပါတီနိုင်ငံရေးဟူ၍ ခွဲခြားသမုတ်ကြသည်လည်း ရှိသည်။ မည်သို့ဆိုစေ နိုင်ငံတော်တစ်ခုလုံး လွှမ်းခြုံ၍ နိုင်ငံ့ကောင်းကျိုး ဆောင်ရွက်ကြခြင်းပင်ဖြစ်သည်။ ဆောင်ရွက်ပုံနည်းဟန် ကွဲပြားကြသော်လည်း နိုင်ငံရေးဟူသည် နိုင်ငံ့အရေးအရာများကို ဆောင်ရွက်ခြင်းပင်ဖြစ်သည်။ လောကီကောင်းကျိုး ချမ်းသာအတွက် ဖြစ်သည်။ အများကောင်းကျိုးချမ်းသာ ဖြစ်စေကြောင်း စိတ်ကောင်းစေတနာမှန်ဖြင့် လုပ်ဆောင်မည်ဆိုလျှင်လောကီကုသိုလ်မှ လောကုတ္တရာ ကုသိုလ်အကြောင်း အထောက့်အပံ့ဖြစ်ပေလိမ့်မည်။ စိတ်ထားတတ်လျှင်မြတ်ပါမည်။

 

လောကီကောင်းကျိုးအတွက်ဗုဒ္ဓ၏ဟောကြားချက်အချို့

 

ဤဆောင်းပါးအစတွင် ဖော်ပြခဲ့သည့် ဆရာတော်၏ ရေးသားချက်တွင် “ဗုဒ္ဓက အကြမ်းမဖက်ရေး၊ ငြိမ်းချမ်းရေးကိုသာ ဟောတော်မူခဲ့တာမဟုတ်ပါဘူး။ စစ်မြေပြင်ကို ကိုယ်တိုင်ကြွပြီး စစ်မဖြစ်အောင် တားဆီးနိုင်ခဲ့သည့် ဘာသာရေး ခေါင်းဆောင်ကြီးလည်း ဖြစ်တော်မူသည်။ ရောဟီနီမြစ်က ရေခွဲဝေရေးကိုအကြောင်းပြုပြီး စစ်ခင်းဖို့တာစူနေကြသည့် သကျနှင့်ကောလိယတွေဆီ ကိုယ်တိုင်ကြွတော်မူပြီး တောက်ပတော့မည့် စစ်မီးလျှံကို ငြှိမ်းသတ်တော်မူခဲ့သည်။ ဝဇ္ဇီတွေကို စစ်တိုက်မည့် အဇာတသတ်မင်းကိုလည်း ဖျောင်းဖျတော်မူခဲ့သည်။” ဟု ဖော်ပြပါရှိသည်။

 

မင်းတွေနဲ့ပတ်သက်ပြီး ဘုရားရှင်မိန့်တော်မူတာကို အင်္ဂုတ္တရနိကာယ်၊ စက္ကဝတ္တီသုတ်မှာ ဖော်ပြထားသည်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတွေက ကောင်းကောင်းမွန်မွန်နှင့် တရားမျှမျှတတ အုပ်ချုပ်ရင် ဝန်ကြီးတွေကလည်း ကောင်းမွန်ပြီး တရားမျှတသွားတာပဲ။ ဝန်ကြီးတွေက ကောင်းမွန်ပြီး တရားမျှတတဲ့အခါ အရာရှိကြီးတွေကလည်း ကောင်းမွန်ပြီး တရားမျှတသွားသည်။ အရာရှိကြီးတွေက ကောင်းမွန်ပြီး တရားမျှတသည့်အခါ အရာထမ်း၊ ဝန်ထမ်းတွေကလည်း ကောင်းမွန်ပြီး တရားမျှတသွားသည်။ အရာထမ်းတွေ၊ ဝန်ထမ်းတွေက ကောင်းမွန်ပြီး တရားမျှတသည့်အခါ ပြည်သူပြည်သားတွေကလည်း ကောင်းမွန်ပြီး တရားမျှတသွားသည်။ မွှေးမြမြကြူနေသည့် ပန်းတွေကိုဖက်နဲ့ထုပ်သည့်အခါ ထုပ်သည့်ဖက်လည်း မွှေးရနံ့သင်းသွားသကဲ့သိုပါပင်။

 

ခိုးမှု၊ လိမ်ညာမှု၊ အကြမ်းဖက်မှု၊ မုန်းတီးမှု၊ ရက်စက်ကြမ်းကြုတ်မှုလိုမျိုး အကျင့်ပျက်သည့် ရာဇဝတ်မှုများသည် ဆင်းရဲမွဲတေမှုကြောင့်မို့ဖြစ်ရသည်။ အစိုးရက ထိုရာဇဝတ်မှုတွေကို ဆုပေး၊ ဒဏ်ပေးပြီး နှိမ်နင်းနိုင်အောင် ကြိုးစားနိုင်ပေမယ်လို့ အင်အားသုံးပြီး ရာဇဝတ်မှုကို ချေမှုန်းပစ်မည်ဆိုလျှင် အကျိုးမဲ့ဖြစ်သွားကြောင်း ဗုဒ္ဓက မိန့်တော်မူတယ်။ ( စက္ကဝ တ္တီသုတ်၊ ပါထိကဝဂ္ဂ)

 

နိုင်ငံရေးနှင့် ဘာသာရေး

 

နိုင်ငံရေးဟူသည် လောကီကောင်းကျိုးချမ်းသာ အကျိုးစီးပွားကို ဦးတည်သည်။ ဘာသာရေးဟူသည် လောကုတ္တရာ အကျိုးကို ဦးတည်သည်။ သံသရာမှလွတ်ရာ လွတ်ကြောင်း နိဗ္ဗာန်လမ်းကြောင်းကို ရှေးရှုသည်။ နိုင်ငံရေးလုပ်ရင်း ဘာသာရေးကိုလည်း စွမ်း ဆောင်နိုင်သည်။ ကြိုးပမ်းအားထုတ် ဆောင်ရွက်နိုင်ကြသည်။ နိုင်ငံရေးတာဝန်ထမ်းဆောင်ရင်း ဘာသာရေးအလုပ်များကိုပါ လုပ်ဆောင်နိုင်ကြရပါမည်။ ဘာသာသာသနာ တည်တံ့ပြန့်ပွားတိုးတက်စည်ပင်ရေးကို ဆောင်ရွက်ခြင်းဖြင့် လောကီ၊ လောကုတ္တရာအကျိုးစီးပွားများကို ဖြစ်ထွန်းနိုင်စေသည်။ တိုင်းကားပြည်ရွာ အေးချမ်းသာယာ ရှိစေနိုင်ပါမည်။

 

သို့ရာ တွင် နိုင်ငံရေးလုပ်ကြသည့်အခါ မည်သို့သော နိုင်ငံရေးပင်လုပ်လုပ် ဘာသာရေးကိုတော့ ခုတုံး မလုပ်ကြရပါ။ ဘာသာရေးကိုအလွဲသုံးစားမပြုကြရပါ။ နိုင်ငံရေးလုပ်ရင်း ဘာသာရေးကို အလွဲသုံးစားလုပ်ခြင်း၊ ခုတုံးလုပ်ခြင်းများ ပြုကြမည်ဆိုပါက ဘာသာရေး ညစ်ထေးမည်။ ဤသို့အားဖြင့် ဘာသာရေးကို နိုင်ငံရေး အတွက် အလွဲသုံးစားမပြုရဟူ၍ ဥပဒေများတွင် ထည့်သွင်းပြဋ္ဌာန်းပေးရခြင်းဖြစ်ကြောင်း သတိပြုဆင်ခြင်ကြ ရမည် ဖြစ်ကြောင်းပါ။

 

-    နိုင်ငံရေးလုပ်ရင်း နိုင်ငံ့တာဝန်ထမ်းဆောင်နိုင်ကြပါစေ၊


-    
-    နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း ဘာသာရေး အလုပ်ကိုပါ ကျေပွန်နိုင်ကြပါစေ၊


-    
-    ဥပဒေပြဋ္ဌာန်းချက်များကို လိုက်နာနိုင်ကြ ပါစေ။

 

မောင်စာဂ