ညောင်ရွှေ     ဇန်နဝါရီ    ၁၈

            ရှမ်းပြည်နယ် အင်းလေးဒေသ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအစီအစဉ်အဖြစ် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ညွှန်ကြားချက်ဖြင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် အားကစားနှင့်ကာယ ပညာဦစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ဆဌမအကြိမ်မြောက် အင်းလေးကန်ဖြတ် စုပေါင်း စက်ဘီးစီးနင်းပွဲကို ဇန်နဝါရီ(၁၈)ရက် နံနက်(၇)နာရီက ရှမ်းပြည်နယ် ညောင်ရွှေမြို့ လွတ်လပ်ရေး ကျောက်တိုင်ကွင်း စုရပ်၌ပြုလုပ်ခဲ့သည်။

            ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အဖွင့်အမှာစကားပြောကြားပြီး အကြီးတန်း(၃၀)ကီလိုမီတာနှင့် အငယ်တန်း(၁၅)ကီလိုမီတာစက်ဘီးစီးနင်းပွဲအတွက် သေနတ်ပစ်ဖောက်၍တာလွှတ် ပေးခဲ့သည်။

            အဆိုပါစုပေါင်းစက်ဘီးစီးနင်းပွဲအပြီးတွင် ပန်းဝင်သည်အထိစီးနင်းခဲ့ကြသူများအား ကံစမ်းမဲဖွင့်ဖောက်၍ အမှတ်တရလက်ဆောင်ဆုများ ပေးအပ်ချီးမြှင့်ပွဲကိုဆက်လက်ပြုလုပ်ရာ တာဝန်ရှိသူများက ဆုရရှိကြသူများကို အမှတ်တရဆုလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းနှင့် စုပေါင်းစက်ဘီးစီးနင်းပွဲတွင် စက်ဘီးစီးအားကစားသမား ကျား/မ စုစုပေါင်း အယောက် ၅၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရှိရသည်။

 

စိုင်းအယ်ဘဲ